သမိုင်းမှာအခမ်းနားဆုံးရုပ်ရှင် ဖြစ်လာမယ်လို့ဆိုလိုက်တဲ့ Mel Gibson ရဲ့ ‘The Passion Of The Christ’ sequel

ဒါရိုက်တာကြီး Mel Gibson က သူ့ရဲ့ ၂၀၀၄ ခုနှစ်ကပြသခဲ့တဲ့ The Passion Of The Christ ဇာတ်ကားရဲ့ sequel ထုတ်လုပ်ချင်တယ်ဆိုတဲ့အကြောင်းကို ၂၀၁၆ ခုနှစ်ကတည်းကပြောနေခဲ့တာပါ။ အဲဒီနောက်မှာတော့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှထပ်မံမသိရှိရတော့ပါဘူး။ Gibson တစ်ယောက် ဇာတ်ညွှန်းပဲထိုင်ရေးနေတာလား၊ ဆက်မလုပ်ဖြစ်တော့ဘူးလားဆိုတာက မရေရာတဲ့ခန့်မှန်းချက်တွေအဆင့်ကနေ ပိုမတက်လာခဲ့ပါဘူး။

 

ဒါပေမယ့် ဒီနေ့ Passion မှာတုန်းက Jesus Christ အဖြစ်သရုပ်ဆောင်ခဲ့သူ မင်းသားကြီး Jim Caviezel ရဲ့ USA Today နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးကနေတစ်ဆင့် Gibson တစ်ယောက် ဒီ project ကို ကျားကုတ်ကျားခဲလုပ်ဆောင်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ Resurrection လို့အမည်ပေးထားတဲ့ အဆိုပါ sequel မှာ Caviezel ကလည်း သူ့ရဲ့ယခင် role ဖြစ်တဲ့ Jesus Christ အဖြစ် ဆက်လက်သရုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ Caviezel ကတော့ သူ့အနေနဲ့ ဒီ sequel နဲ့ပတ်သက်ပြီး အများကြီးပြောပြလို့မရပေမယ့် ဒီရုပ်ရှင်ဟာ သမိုင်းထဲမှာ အကြီးကျယ်ဆုံးရုပ်ရှင်တစ်ခုဖြစ်လာနိုင်တဲ့အထိ ကောင်းတယ်ဆိုတာကတော့ သေချာတယ်လို့ ပြောကြားသွားပါတယ်။

 

Sequel ဆိုတော့ ဘယ်အပိုင်းကိုရိုက်ပြမှာလည်း… ပထမဇာတ်ကားမှာတုန်းက Jesus Christ ပြန်လည်ရှင်ပြန်ထမြောက်တဲ့အခန်းနဲ့အဆုံးသတ်ထားခဲ့တော့ sequel အနေနဲ့ဘာတွေများရိုက်ပြစရာကျန်သေးလို့လည်းဆိုတာက တွေးချင်စရာပါပဲ။ အဲဒီအကြောင်းကို Gibson က ၂၀၁၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြထားခဲ့ပြီးဖြစ်ပါတယ်။ Resurrection မှာ Jesus Christ ပြန်လည်ရှင်ပြန်ထမြောက်တဲ့ ၃ ရက်တာကာလအတွင်းကအဖြစ်အပျက်တွေကို သရုပ်ဖော်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ပထမကားတုန်းကဝေဖန်ခံရတဲ့ လိုတာထက်ပိုပြီးကြမ်းတမ်းတဲ့ရိုက်ကွက်တွေ တတ်နိုင်သမျှမပါဝင်အောင်ဂရုစိုက်ပြီး ကြည့်ရှုသူတွေစိတ်ချမ်းသာသွားစေရအောင် လှလှပပလေး ဖန်တီးသွားဖို့ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။

Movie News

No Comments

အမှန်အကန်လန်းတဲ့ ‘Ant-Man and The Wasp’ Trailer

Holy Moly, that was awesome!

 

Ant-Man and The Wasp ဟာ ဒီနှစ်အတွင်းထွက်ရှိမယ့်ဇာတ်ကားတွေထဲက အမှန်အကန်စောင့်မျှော်နေရတဲ့ဇာတ်ကားတစ်ခုဆိုရင် မမှားပါဘူး။ အခုတော့ ဒီကားရဲ့ပထမဦးဆုံး Trailer ထွက်ရှိလာပြီဖြစ်ပြီး စောင့်မျှော်ရကျိုးနပ်လောက်အောင် အမှန်အကန်လန်းပါတယ်။ တစ်ချက်ကြည့်လိုက်ကြပါဦး..

 

 

ဒီ Trailer အရဆိုရင် Ant-Man and The Wasp ဟာ Marvel Superhero ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသနဲ့အက်ရှင်ကိုရောထားတဲ့ပုံစံမျိုးလေးပါ။ Trailer ထဲမှာပါဝင်တဲ့အချို့အခန်းလေးတွေဆိုရင် ပထမ Ant-Man ဇာတ်ကားကိုတောင် ပြန်လည်သတိရမိသွားစေပါတယ်။ အဲဒီလိုဖြစ်အောင်ရိုက်ကူးပြနိုင်တဲ့ ဒါရိုက်တာ Peyton Reed ကိုချီးကျူးရမှာပဲဖြစ်ပါတယ်။

 

Trailer ထဲက Wasp တစ်ယောက် ရန်သူကပစ်လိုက်တဲ့ဓားပေါ်မှာ ပြေးသွားတာ၊ Hank Pym က သူတို့စခန်းချနေထိုင်တဲ့တိုက်တစ်ခုလုံးကို ခရီးဆောင်သေတ္တာအရွယ် ချုံ့ပလိုက်တဲ့အခန်းတွေကတော့ စိတ်ထဲမှတ်မှတ်ရရကျန်ခဲ့တာလေးတွေပါ။ နောက်ပြီးတော့ Hello Kitty ခွက်သေးသေးလေးကို ဧရာမကြီးချဲ့လိုက်ပြီး ရန်သူ့ဆီကိုပစ်လိုက်တဲ့အခန်းမှာ အဲ့ scene ထဲမှာပါဝင်တဲ့အရာတွေရဲ့ contrast ကွာပုံကိုတွေးမိပြီး ခပ်ဟဟလေး ရယ်မိသွားစေခဲ့ပါတယ်။

 

ဒါ့အပြင် MCU ပရိသတ်တွေအတွက် တွေးစရာလေးတွေလည်းပါဝင်ပါသေးတယ်။ Trailer စစချင်းမှာ Ant-Man က Wasp ကို “တကယ်လို့ Cap ကသာ အကူအညီတောင်းခဲ့မယ်ဆိုရင် မင်းလာကူညီမှာလား” လို့မေးတာကိုတွေ့ရမှာပါ။ အဲဒါဟာ Captain America: Civil War တုန်းက Captain America က Ant-Man ကိုအကူအညီလာတောင်းတဲ့အပိုင်းကိုရည်ညွှန်းတာဖြစ်ပါတယ်။ အဲဒါကို Wasp က “မပြောတတ်ဖူးလေ” လို့အဓိပ္ပာယ်ရတဲ့အဖြေပြန်ပေးခဲ့ပါတယ်။ အဲဒါကဘာကိုဆိုလိုတာလည်း.. Civil War မှာ The Wasp ပါဝင်နိုင်ခြေရှိခဲ့တာလား.. စဉ်းစားစရာလေးပါပဲ။

 

Ant-Man and The Wasp ကို ဇူလိုင် ၆ ရက်နေ့ကျရင် စတင်ပြသသွားမှာဖြစ်ပါတယ်။

၂၀၁၈ မှာထွက်ရှိမယ့် စောင့်ကြည့်သင့်တဲ့ Horror ကား ၁၀ ကား

ကဲ.. ညကြီးသန်းခေါင် သရဲကားတွေ၊ Horror ကားတွေကြည့်ရမှ စားဝင်အိပ်ပျော်ပါတယ်ဆိုတဲ့ ကိုကိုမမတွေအတွက် ၂၀၁၈ အတွင်းမှာစောင့်ကြည့်သင့်တယ်လိုထင်ရတဲ့ Horror ဇာတ်ကား ၁၀ ကားကိုရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီ list ထဲမှာပါဝင်တဲ့ဇာတ်ကားတွေထဲမှာ အချို့ဇာတ်ကားတွေကလွဲပြီး အများစုကမထွက်ရှိသေးပါဘူး။ ဒါကြောင့် calendar မှာမှတ်ထားလို့ရအောင် ထွက်ရှိမယ့်ရက်တွေကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုကြည့်ပြီး ဘယ်ဇာတ်ကားရုံတင်ရင် Horror ကားမကြိုက်တဲ့သူငယ်ချင်းတွေကို ဘယ်လိုညာခေါ်သွားမယ်ဆိုတာ ကြိုစဉ်းစားထားလိုက်ကြရအောင်လား.. 😉 😏 😆

 

Insidious: The Last Key

Release Date: ဇန်နဝါရီ ၅

Synopsis: ဒီဇာတ်ကားဟာ Horror ဇာတ်ကားပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Insidious ဇာတ်လမ်းတွဲထဲက စတုတ္ထမြောက်ဇာတ်ကားဖြစ်ပြီး story chronology အရဆိုရင် ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာ ဒေါက်တာ Elise Rainer တစ်ယောက် သူမရဲ့မိသားစုအိမ်မှာ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ မကောင်းဆိုးဝါးတွေနဲ့ တွေ့ဆုံရပုံကို ထိတ်လန့်ဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

 

Mom and Dad

Release Date: ဇန်နဝါရီ ၁၉

Synopsis: မင်းသားကြီး Nicolas Cage ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ positive review တွေရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မိဘတွေဟာ ဇစ်မြစ်မသိတဲ့အကြောင်းရင်းတစ်ခုကြောင့် စိတ်ရိုင်းတွေဝင်ပြီး မိမိတို့ရဲ့ရင်သွေးတွေကို လိုက်လံသတ်ဖြတ်ဖို့ကြိုးစားကြမှာဖြစ်ပါတယ်။

 

Winchester

Release Date: ဖေဖော်ဝါရီ ၂

Synopsis: San Francisco ရဲ့အပြင်ဖက် မိုင် ၅၀ အကွာမှာ တစ်ရက်ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက်နှုန်းနဲ့ နှစ်ပေါင်းများစွာကြာအောင်ဆောက်နေတဲ့ စံအိမ်ကြီးတစ်ခုရှိပါတယ်။ အဲဒီစံအိမ်ကြီးကို Sarah Winchester ကပိုင်ဆိုင်တာဖြစ်ပြီး အထပ်ပေါင်း ၇ ထပ်ရှိကာ အခန်းပေါင်းရာနဲ့ချီပြီးပါဝင်ပါတယ်။ အပြင်ကလူတွေကတော့ ဒီအဖွားကြီးတစ်ယောက်ရူးပြီးလုပ်ချင်ရာလုပ်တယ်လို့မြင်ကြပါတယ်။ တကယ်တမ်းမှာကျတော့ သူ့ခင်ပွန်းရဲ့ကုမ္ပဏီကထုတ်လုပ်တဲ့သေနတ်တွေနဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားသူတွေရဲ့ ဝိဉာဏ်တွေကိုပိတ်လှောင်ထားဖို့ အကျဉ်းထောင်တစ်ခုတည်ဆောက်နေတာဖြစ်ပါတယ်။

 

Annihilation

Release Date: ဖေဖော်ဝါရီ ၂၃

Synopsis: အမျိုးအမည်အသိတဲ့နေရာတစ်ခုကို စူးစမ်းလေ့လာဖို့အတွက် လူတွေလွှတ်ရာမှာ Lena ရဲ့ခင်ပွန်းဖြစ်သူ Oscar Isaac တစ်ယောက်တည်းသာ ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီတော့ သူ့ခင်ပွန်းအဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ Lena ဟာ နောက်ထပ်စူးစမ်းလေ့လာရေးအဖွဲ့နဲ့အတူ အဲဒီနေရာကိုလိုက်ပါလာခဲ့ပါတယ်။

 

The Strangers: Prey at Night

Release Date: မတ် ၉

Synopsis: ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Strangers ရဲ့ sequel ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု အမျိုးတွေရှိတဲ့နေရာတစ်ခုမှာ ခရီးတစ်ထောက်နားမိရာကနေ မျက်နှာဖုံးစွပ်ထားတဲ့ psychopath ၃ ယောက်တို့ရဲ့ရန်ကို ရင်ဆိုင်ကြရပါတော့တယ်။

 

A Quiet Place

Release Date: ဧပြီ ၆

Synopsis: မိသားစုတစ်စုက လူတွေနဲ့ဝေးရာနေရာတစ်ခုမှာ သီးသီးသန့်သန့်နေထိုင်နေကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အသံထွက်ရာနောက်ကိုလိုက်လံတိုက်ခိုက်တတ်တဲ့ အမျိုးအမည်မသိအရာတစ်ခုကြောင့်ဖြစ်ပါတယ်။

သူတို့မိသားစု နေ့စဉ်ဘဝကို အသံမထွက်ပဲဘယ်လိုဖြတ်သန်းကြမလဲ၊ မတော်တဆထွက်သွားတဲ့အသံကြောင့် ဘေးအန္တရာယ်တွေဘယ်လိုကြုံကြရမလဲဆိုတာကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ဆန်းပြားတဲ့ဇာတ်အိမ်ကြောင့် ဒီတစ်ခုကိုတော့ အများကြီးမျှော်လင့်မိပါတယ်။

 

Truth or Dare

Release Date: ဧပြီ ၁၃

Synopsis: ကျောင်းသားတစ်စု သဘာဝလွန် Truth or Dare ကစားနည်းကိုကစားမိပြီး အသက်ဘေးရန်နဲ့ရင်ဆိုင်ရတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီကစားနည်းမှာ Truth မပြောရင်ဖြစ်စေ၊ Dare ကိုငြင်းခဲ့ရင်ပဲဖြစ်စေ အဲဒီလိုလုပ်တဲ့သူက အသေဆိုးနဲ့သေဆုံးရမှာဖြစ်ပါတယ်။ အဲဒီကျောင်းသားတစ်စုအနေနဲ့ ကျိန်စာကိုပြေပျောက်စေမယ့်နည်းလမ်းကို အသက်လုပြီးရှာဖွေကြရမှာဖြစ်ပါတယ်။

 

The Purge: The Island

Release Date: ဇူလိုင် ၄

Synopsis: ဒီဇာတ်ကားဟာ ပထမဆုံး The Purge ဇာတ်ကားမတိုင်မီက အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ prequel ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပထမဆုံး Purge event ဖြစ်ပေါ်လာစေတဲ့အကြောင်းအရာတွေကို ရိုက်ကူးဖော်ပြထားမှာဖြစ်ပါတယ်။ The Purge ဇာတ်လမ်းတွဲကိုနှစ်သက်သူတွေကို အထူးတလည်ညွှန်းစရာမလိုလောက်ပါဘူး။

 

The Nun

Release Date: ဇူလိုင် ၁၃

Synopsis: Conjuring ကမ္ဘာကြီးထဲမှာဇာတ်အိမ်တည်ထားပြီး Conjuring series ထဲက ပဉ္စမမြောက်ဇာတ်ကားဖြစ်ကာ ၁၉၅၂ အချိန်ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံက Cârța Monastery မှာ Nun တစ်ယောက် သေကြောင်းကြံစည်တဲ့အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် ဗာတီကန်က Priest တစ်ယောက်၊ Nun တစ်ယောက်နဲ့ Novitiate တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ အဲဒီမှာ သူတို့တွေဟာ Nun အသွင်ယူထားတဲ့ Valak လို့အမည်ရတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။

 

The Predator

Release Date: သြဂုတ် ၃

Synopsis: ၁၉၈၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမဆုံး Predator ဇာတ်ကားရဲ့ sequel ဖြစ်ပါတယ်။ Project စတင်တုန်းက reboot အဖြစ်စီစဉ်ထားခဲ့ပြီး နောက်မှ sequel အသွင်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားတစ်သိုက် တောအုပ်ထဲမှာ လမ်းပျောက်နေရာကနေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးသွားကြပါတယ်။ နောက်မှ အရိုးပြိုင်းပြိုင်းနဲ့ အလောင်းတွေကို ပြန်လည်ရှာတွေ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေတွေက မူမမှန်ဖူးဆိုတာကိုရိပ်မိလာချိန်မှာတော့ သူတို့အားလုံး ဒုက္ခအကြီးကြီးရောက်နေပြီဖြစ်ပါတယ်။

 

Slenderman

Release Date: သြဂုတ် ၂၄

Synopsis: အင်တာနက် meme ကနေပေါက်ဖွားလာတဲ့ Slenderman က နောက်ဆုံးတော့ သူကိုယ်ပိုင်ရုပ်ရှင်တောင်ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Slenderman ရှိကြောင်းကိုမယုံကြည်တဲ့ ကောင်မလေး ၄ ယောက်က အဲဒါမရှိဘူးဆိုတာကိုသက်သေပြတဲ့အနေနဲ့ ritual တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် များမကြာမီမှာ သူတို့ထဲကတစ်ယောက်က ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး Slenderman ရှိကြောင်းကို တဖြည်းဖြည်းနဲ့ယုံကြည်လာကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အရာရာတိုင်းကနောက်ကျသွားခဲ့ပါပြီ.. Slenderman က သူတို့တစ်ယောက်ချင်းစီနောက်ကို ထပ်ချပ်မခွာလိုက်လာနေပြီဖြစ်ပါတယ်။

 

The New Mutants

Release Date: ၂၀၁၉ ဖေဖော်ဝါရီ ၂၂

Synopsis: နဂိုက ၂၀၁၈ ဧပြီ ၁၃ မှာပြဖို့လျာထားခဲ့တဲ့ New Mutants ဟာ ကံဆိုးစွာပဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ၂၀၁၉ အထိအနောက်ဆုတ်ခြင်းခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများအရမ်းမျှော်လင့်နေကြတဲ့ဇာတ်ကားတစ်ခုဖြစ်လို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ Superhero ဇာတ်လမ်းအမျိုးအစားထဲက ရှားရှားပါးပါး Horror ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ X-Men ရဲ့ mutant တွေရဲ့ universe မှာဇာတ်အိမ်တည်ထားပြီး X-Men series ထဲက ၁၃ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ mutant ၅ ယောက်ဟာ လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းချုပ်ခြင်းခံထားရပြီး အဲဒီနေရာကနေလွတ်မြောက်အောင် ကြိုးစားကြတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။

Movie News

No Comments

လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ Annihilation

လျှို့ဝှက်ဆန်းကြယ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Annihilation ကို February လမှာရုံတင်ပြတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်သစ်တခုကို စစ်သားအုပ်စုတစ်ခုရောက်ရှိသွားခဲ့ကြပါတယ်။ စစ်သားအုပ်စုထဲမှ Oscar Isaac တစ်ယောက်ကတော့ အနာတရဖြစ်ပြီး ပူဆွေးသာကရောက်နေသော်ငြားလည်း အသက်ရှင်ရက်နဲ့ ပြန်လာခဲ့ပါတယ်။ Oscar Isaac ရဲ့အသက်ကို save ဖြစ်ဖို့ရန်အတွက်တော့ သူ၏ဇနီး Lena က သပ္ပံပညာနှင့်ဆိုင်တဲ့ အချက်အလက်များကို ရှာဖွေရန်နဲ့ အခြားသောလေ့လာစရာများအတွက် အန္တရာယ်ရှိတဲ့ zone ကို volunteer များအတူ ရောက်လာခဲ့ကြပါတယ်။ အန္တရာယ်ရှိတဲ့ zone ဖြစ်လို့ Lena နဲ့ သူမရဲ့ volunteer တွေ ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကြုံတွေ့ပြီး အဲ့ဒီပတ်ဝန်းကျင်ကို annihilate လုပ်မလဲဆိုတာကိုတော့ မကြာခင်မြင်တွေ့ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ အကြိုခံစားဖို့အတွက် official trailer မှာလည်း ကြည့်လို့ရပါတယ်။

‘Indiana Jones 5’ က Steven Spielberg ရဲ့ နောက်ရိုက်မယ့်ဇာတ်ကားအဖြစ်အတည်ပြု

မနှစ်က ဇာတ်ညွန်းတွေဖန်တီးပြီးပြီလို့သတင်းထွက်ပြီးကတည်းက ပျောက်ချက်သားကောင်းနေခဲ့တဲ့ Indiana Jones 5 ဟာဆိုရင် နောက်ဆုံးတော့ ရိုက်ကူးရေးစတင်မယ့်အချိန်ကိုသိရှိရပြီဖြစ်ပါတယ်။ မကြာခင်မှာ Steven Spielberg ရဲ့ Ready Player One ရုံတင်တော့မှာဖြစ်ပါတယ်။ အဲဒီ project ကိုလက်စသတ်ပြီးတာနဲ့ Indiana Jones ဖက်ကိုခြေဦးလှည့်မှာဖြစ်တယ်လို့ Spielberg ကဆိုပါတယ်။ အချိန်သတ်သတ်မှတ်မှတ်တော့ပြောကြားခြင်းမရှိသေးပေမယ့် ရိုက်ကူးရေးတွေကို ၂၀၁၉ ထဲစတင်ပြီး ၂၀၂၀ ထဲရုံတင်နိုင်ဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။

 

ယမန်နှစ်တုန်းကသတင်းတွေအရဆိုရင် ဒီဇာတ်ကားမှာ Indiana Jones အဖြစ် Harrison Ford ကပြန်လည်ပါဝင်လာမှာဖြစ်ပြီး သူ့ရဲ့သားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Shia LaBeouf ကတော့ ပြန်လည်ပါဝင်လာမှာမဟုတ်ပါဘူး။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖျဉ်းလောက်ပဲသိရှိရပါသေးတယ်။ အဲဒါကလည်း အရမ်းအဆန်းကြီးတော့မဟုတ်ပါဘူး.. Indiana Jones ဇာတ်ကားတွေထုံးစံအတိုင်း လူတိုင်းလိုချင်တဲ့ artifact တစ်ခုနောက်ကိုလိုက်ကြရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော အောင်မြင်ပြီးသားဖော်မြူလာ၊ လူတွေစိတ်ဝင်စားတဲ့ဇာတ်အိမ်မျိုးဖြစ်တဲ့အတွက် ဇာတ်ညွှန်းက Kingdom of Crystal Skull ထက်ပိုကောင်းရင်ကိုအိုကေပါတယ်။

 

Spielberg ကတော့ သူ့ဝသီအတိုင်း ဇာတ်ကားတွေကိုတောက်လျှောက်ကိုရိုက်ကူးနေပါတယ်။ Ready Player One ပြီးတော့ Indiana Jones 5.. အဲဒီနောက်မှာတန်းစီနေတာတွေကတော့ Musical တစ်ခုဖြစ်တဲ့ West Side Story ရဲ့ remake, David Kertzer ရဲ့စာအုပ် The Kidnapping of Edgardo Mortara ရဲ့ adaptation, စစ်သတင်းထောက် Lynsey Addario ရဲ့ဘဝအကြောင်းကို မှီငြမ်းရိုက်ကူးမယ့် It’s What I Do တို့ပဲဖြစ်ပါတယ်။ ဒါတွေက ကြားထဲမှာ Spielberg ကောက်ကာငင်ကာစိတ်ဝင်စားလို့ ရိုက်ကူးနိုင်ခြေရှိတာမျိုးတွေမပါဝင်သေးပါဘူး။

 

Ref: Hollywood Reporter

သားသားမီးမီးတို့နဲ့အတူ လူကြီးမိဘတွေပါ အတူတကွရယ်မောနိုင်စေမယ့် Peter Rabbit

၂၀၁၈ ရဲ့ 3D live-action ဇာတ်ကားတစ်ကားဖြစ်တဲ့ Peter Rabbit ကို မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးဟာဆိုရင် ပုံပြင်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ Animation ဖြစ်တဲ့အတွက် သရုပ်ဆောင်ပီပြင်တဲ့ Peter Rabbit လေးနဲ့အတူ တခြားချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကိုပါ မြင်တွေ့ရအုံးမှာပါ။ ဇာတ်လမ်းပုံစံကတော့ Thomas McGregor နဲ့ Peter Rabbit တို့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်နဲ့တစ်ဖက် သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်တိုက်ခိုက်တဲ့ အချိန်မှာ ဟာသလေးတွေနှောထားတဲ့အတွက် သားသားမီးမီးတို့လည်း ကြိုက်နှစ်သက်မှာ သေချာသလို လူကြီးလူငယ်တွေလည်း ပျော်ရွှင်ရယ်မောရမှာ သေချာပါတယ်။ အစကတော့ Peter Rabbit ရုပ်ရှင်ရဲ့ release date ကို ၂၀၁၈ ရဲ့ March 23 လို့ ပြောကြားထားပေမယ့် အခုချိန်မှာတော့ February 9 မှာ ပြသမယ်လို့ ပြောင်းလဲရွေ့ဆိုင်းလိုက်ပါတယ်။ Family ကြည့်လို့ရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်တာမို့ holiday မှာကြည့်ဖို့အတွက် မကြာခင်ရုံတင်တော့မှာဖြစ်လို့ အခုကတည်းက နားစွင့်ထားကြနော်။

‘Jumanji: Welcome To The Jungle’ ရဲ့ Sequel ထုတ်မယ်လို့ ကြေညာလိုက်ပြီ

Jumanji: Welcome To The Jungle ဆိုတာဟာ မထင်မှတ်ပဲရက်ရက်စက်စက်အောင်မြင်သွားခဲ့တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အခုဒီစာရေးနေတဲ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၈၂၂ သန်းဝင်ငွေရရှိထားတဲ့ဒီဇာတ်ကားဟာ Sony ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကား ဖြစ်လာခဲ့ပါတယ်။ အဲဒီတော့ ဒီအချိန်မှာတစ်ကမ္ဘာလုံးက hype နေတာကိုအခွင့်ကောင်းယူပြီး Jumanji ရဲ့ sequel ထုတ်မယ့်အကြောင်းကို Sony က ကြေညာလိုက်ပြီဖြစ်ပါတယ်။

 

အဲဒီ sequel ဇာတ်ကားကို Star Wars: Episode IX ပြသမယ့် ၂၀၁၉ ဒီဇင်ဘာမှာပြသမယ်လို့ဆိုထားပါတယ်။ ပထမကားဖြစ်တဲ့ Jumanji: Welcome To The Jungle ဟာလည်း Star Wars: The Last Jedi နဲ့ ရက်ပိုင်းလေးပဲခြားပြီးပြသခဲ့တာကို ဒီလောက်အထိအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် တော်ရုံတန်ရုံဇာတ်ကားတွေဟာ Star Wars လို blockbuster ရုပ်ရှင်နဲ့ ပြသရက်မထပ်အောင် တမင်ရှောင်ပြီးတော့တောင်ပြကြတာပါ။ ဒါကြောင့် သူ့ရဲ့ရွေးချယ်ထားတဲ့ရက်အရ ဒီ sequel အပေါ်မှာထားတဲ့ Sony ရဲ့ ယုံကြည်မှုကိုခန့်မှန်းကြည့်နိုင်ပါတယ်။

 

အခုအချိန်မှာတော့ sequel ထုတ်လုပ်ဖို့လျှာထားတယ်ဆိုတာကလွဲပြီး ဘာမှမသိရှိရသေးပါဘူး။ ဖြစ်နိုင်ရင်တော့ ပထမဇာတ်ကားက အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Dwayne Johnson, Karen Gillan, Jack Black နဲ့ Kevin Hart တို့ကို အတူတကွပြန်လည်မြင်တွေ့ချင်လိုပါတယ်.. ဘာကြောင့်လည်းဆိုတော့ သူတို့ ၄ ယောက်ကြားက synergy က ပထမကားအောင်မြင်ရတဲ့အကြောင်းရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့အတွက်ပါ။

 

ကိုယ်တွေလည်း ဒီသတင်းအပေါ်ကို မိတ်ဆွေတို့နဲ့ထပ်တူစိတ်ဝင်စားတဲ့အတွက် သတင်းအသစ်ရတာနဲ့ ချက်ချင်းလိုလိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်.. Stay Tuned!

 

Ref: Wall Street Journal

ကျိန်စာတွေကို ယုံကြည်ပြီး သရဲတစ္ဆေတွေကို ရှာဖွေခဲ့တဲ့ မုဆိုးမတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို သိရဖို့…

2018 ရဲ့ Horror movie စာရင်းထဲကို နောက်ထက်ဝင်ရောက်လာတဲ့ Horror ဇာတ်ကားကတော့ Winchester: The House that Ghosts Built  ဆိုတဲ့ဇာတ်ကားဘဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Sarah Winchester ရဲ့ခင်ပွန်းရုတ်တရက်သေဆုံးသွားပါတယ်။ ရှေ့မှာလည်း သားသေဆုံးထားတာမို့ အရမ်းဝမ်းနည်းပူဆွေးပြီး ကျန်ရစ်နေတဲ့ မုဆိုးမတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမ ခင်ပွန်းရဲ့ စီးပွားရေးလုပ်ငန်းကနေ $20-million ကို အမွေအဖြစ်ရရှိခဲ့ပြီး အဲ့ဒီနောက် ကျိန်စာများကို ယုံကြည်ခဲ့တဲ့ သူမကိုယ်တိုင်က Winchester သေနပ်၏ လက်မှာ ကွယ်လွန်သေဆုံးသွားသူ သရဲတစ္ဆေများကို ရှာဖွေပြီးတဲ့ အချိန်မှာတော့ California မှာရှိတဲ့ San Jose မှာ Winchester Mystery House ဆိုတဲ့ ဘယ်တော့မှအဆုံးမသတ်တဲ့ ကြီးမားသောအိမ်ကြီးတစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ အဲ့အိမ်ကြီးထဲမှာ သရဲတစ္ဆေတွေနဲ့  Sarah Winchester  တို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းကြည့်ရင်း ကြောက်လန့်ရင်ခုန်ဖွယ် ကြုံတွေ့ရမှာဖြစ်လို့ February လမှာ ရုံတင်ပြသတော့မယ့်အကြောင်းကို လက်တို့ပေးလိုက်တယ်နော်။

Movie News

No Comments

Update: ‘Game of Thrones’ Season 8 ထွက်မယ့်အချိန်ကို သူမပြောကြားခဲ့ခြင်းမရှိကြောင်း Maisie Williams ငြင်းဆို

ဒီနှစ်အစောပိုင်းတုန်းက Game of Thrones ရဲ့နောက်ဆုံး season ဖြစ်တဲ့ season 8 ကို ၂၀၁၉ ခုနှစ်ကျမှပြသမယ်ဆိုတဲ့သတင်းကို မချင့်မရဲနဲ့နားဆင်ခဲ့ကြရပါတယ်။ HBO ရဲ့ပြောကြားချက်အရ နောက်ဆုံး season ကိုအပျံစားဖြစ်စေချင်လို့ အချိန်တွေအများကြီးယူထားတာပါလို့ဆိုတဲ့အတွက် ၂၀၁၉ နှစ်ကုန်ပိုင်းမှများစတင်ပြသမလားဆိုပြီးလည်း သို့လောသို့လောနဲ့စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် Arya Stark ရဲ့သရုပ်ဆောင် Maisie Williams ရဲ့ကျေးဇူးနဲ့ season 8 စတင်ပြသမယ့်ရက်ကိုသိရှိလိုက်ရပါပြီ။ သတင်းကတော့ သတင်းကောင်းပါ.. ဘာကြောင့်လည်းဆိုတော့ season 8 ကို အစဉ်အလာမပျက် ဧပြီလထဲမှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

 

Williams ဟာ Metro နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အထက်ပါအကြောင်းအရာကိုပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။ သူမရဲ့အဆိုအရဆိုရင် ထုတ်လုပ်ရေးတွေကို ဒီဇင်ဘာလထဲမှာအဆုံးသတ်မှာဖြစ်ပြီး ၂၀၁၉ ဧပြီလကျရင် စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ သူတို့ Game of Thrones အဖွဲ့သားတွေအနေနဲ့ ဇာတ်လမ်းတွဲကြီးရဲ့နောက်ဆုံးအပိုင်းတွေကို အလောတကြီးမလုပ်ချင်ကြတကာကတစ်ကြောင်း၊ ဒီအချိန်အထိ တစိုက်မတ်မတ်အားပေးလာကြတဲ့ ပရိသတ်တွေကို သူတို့ရဲ့အစွမ်းကုန်အထိကြိုးစားထားတာတွေကို ပြသချင်တာကတစ်ကြောင်းတို့ကြောင့် ဒီလိုအချိန်ယူရတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

 

စတင်ပြသမယ့်ရက်ကိုသိရှိရပြီဆိုပေမယ့် အဲဒီအချိန်ကိုရောက်ဖို့က ၁ နှစ်ကျော်လိုပါသေးတယ်။ ဒါပေမယ့် ‘ဟာ.. အကြာကြီးစောင့်ရဦးမှာပါကွာ’ လို့မတွေးပဲ လက်ဖက်ကောင်းကောင်းစားရဖို့ ပလောင်က တောင်ပေါ်ကိုဖြေးဖြေးချင်းတက်နေတယ်လို့ပဲမှတ်ယူထားလိုက်ပါ.. အဲဒါဆိုရင်တော့ အချိန်ကျလာရင် မြိန်ရည်ရှက်ရည်နဲ့ အရသာခံပြီးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

 

Update: အရမ်းပျော်သွားတဲ့ Game of Thrones ပရိသတ်တွေကို စိတ်မကောင်းစွာပဲ ဒီသတင်းကမမှန်ကြောင်း ပြောပြရတော့မှာပါ။ ဒီနေ့ပဲ Maisie Williams က သူမရဲ့ twitter စာမျက်နှာကနေတစ်ဆင့် သူမအနေနဲ့ season 8 ထွက်ရှိမယ့်ရက်ကိုပြောကြားခဲ့ခြင်းမရှိကြောင်းနဲ့ အဲဒီစကားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုကနေယူသုံးထားတာဖြစ်တယ်လို့ ဆိုလာပါတယ်။ Twitter ပေါ်ကပရိသတ်တွေကတော့ အဲဒီ tweet အောက်မှာ မချင့်မရဲနဲ့ ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ ကဲ.. ထွက်ရှိမယ့်ရက်သိရတဲ့အခြေအနေကနေ ဒုံရင်းဒုံရင်း ဘာမှမသိတဲ့ဘဝကိုပြန်ရောက်သွားပါပြီ။ Winter ဘယ်တော့ပြန်လာမလည်းဆိုတာကို နားစွင့်နေရုံပဲရှိပါတော့တယ်။

Ref: Digital Spy

Mission Impossible 6 နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိသိရှိရသမျှ

မင်းသားကြီး Tom Cruise ဦးဆောင်ပါဝင်တဲ့ ‘Mission Impossible‘ ဇာတ်ကားတွေဟာ ဖန်တရာတေနေတဲ့ဇာတ်အိမ်တွေကြောင့် ရိုးလာပြီလို့ပြောလို့ရပေမယ့် အဲဒါတွေဟာ Hollywood ရဲ့အကောင်းဆုံး အက်ရှင်ကားတွေထဲကတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ ချမယ်ပြုမယ် spy gadget အလန်းစားတွေကြည့်မယ် ဆိုတဲ့ပရိသတ်တွေအတွက်ကတော့ MI ဇာတ်ကားတွေက အမြဲတမ်းလန်းနေဦးမှာပါပဲ။ အဲဒီလိုပရိသတ်တွေအတွက် ဒီနှစ်ထဲရုံတင်မယ့် ၆ ကားမြောက် Mission Impossible ဇာတ်ကားနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိသိရှိထားရသလောက်အချက်အလက်တွေကို စုစည်းဖော်ပြပေးသွားပါမယ်။

 

ပထမဆုံးအနေနဲ့ ဒီ ၆ ကားမြောက် Mission Impossible ဇာတ်ကားရဲ့ official နာမည်က Mission: Impossible – Fallout ဖြစ်ပါတယ်။ ဒီနာမည်ကို Tom Cruise က သူ့ရဲ့ Instagram စာမျက်နှာကနေ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ထုတ်ဖော်ပြေကြားလိုက်တာဖြစ်ပါတယ်။ အဲဒီ post မှာ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့နောက်ထပ်ပုံတွေကို သူ့ပရိသတ်တွေကိုပြချင်သေးတယ်လို့ဆိုထားခဲ့ပြီး Cruise တစ်ယောက် ရဟတ်ယာဉ်မှာတွဲလောင်းခိုပြီး လိုက်ပါပျံသန်းနေတဲ့ပုံကိုပါ တစ်ပါတည်းဖော်ပြထားခဲ့ပါတယ်။ Rogue Nation တုန်းက ပျံတက်နေတဲ့လေယာဉ်ကိုတွဲလောင်းခိုလိုက်တဲ့စတန့်ကွက်လောက်မခမ်းနားပေမယ့် သူ့အတိုင်းအတာနဲ့သူတော့လန်းပါသေးတယ်။

 

 

Cruise ဟာ သူ့ဇာတ်ကားတွေထဲကစတန့်ကွက်တွေကို လူစားမထိုးပဲကိုယ်တိုင်သရုပ်ဆောင်လေ့ရှိပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Rogue Nation ထဲက လေယာဉ်ပေါ်တွဲလောင်းပါသွားတဲ့စတန့်ကွက်တွေကအစ ကိုယ်တိုင်သရုပ်ဆောင်တဲ့သူဖြစ်ပါတယ်။ အခု Fallout ထဲကစတန့်ကွက်တွေဟာလည်း ခြွင်းချက်မဟုတ်ပါဘူး.. သူကိုယ်တိုင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ၂၀၁၇ သြဂုတ်လတုန်းက စတန့်လုပ်ရင်း Cruise ရဲ့ ခြေကျင်းဝတ်ကျိုးသွားတော့ ရိုက်ကူးရေးကိုလုံးဝရပ်နားထားခဲ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ပုံက အဲဒီမတော်တဆမှုကိုဖြစ်စေခဲ့တဲ့ စတန့်ကွက်ဖြစ်ပါတယ်.. တိုက်နှစ်လုံးကြားကို ခုန်ကျော်ရင်းနဲ့ ခြေထောက်အကျမှားသွားခဲ့တာဖြစ်ပါတယ်။ TV Show တစ်ခုမှာ Cruise ပြောကြားခဲ့တာကတော့ သူခြေကျင်းဝတ်ကျိုးသွားတဲ့ရိုက်ကွက်ဟာ ရုပ်ရှင်ထဲမှာပါဝင်တယ်ဆိုတာပါပဲ။ ဘယ်လိုကျိုးသွားခဲ့တယ်ဆိုတာရဲ့အနှေးရိုက်ကွက်ကို အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။

 

Tom Cruise as Ethan Hunt in MISSION: IMPOSSIBLE – FALLOUT

 

 

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက Fallout နဲ့ပတ်သက်ပြီး ဓာတ်ပုံအသစ်တွေထုတ်ပြန်ခဲ့ရာမှာ Superman မင်းသား Henry Cavill ကို Justice League ရုပ်ရှင်ကိုဒုက္ခပေးခဲ့တဲ့ သူ့ရဲ့နာမည်ကြီး နှုတ်ခမ်းမွေးနဲ့အတူမြင်တွေ့နိုင်မှာပါ။

 

Left to right: Henry Cavill and Angela Bassett in MISSION: IMPOSSIBLE – FALLOUT

Mission: Impossible – Fallout မှာ Tom Cruise က သူ့ရဲ့မူပိုင်ဇာတ်ကောင်ဖြစ်တဲ့ Ethan Hunt အဖြစ်ဆက်လက်ပါဝင်မှာဖြစ်ပြီး မင်းသမီး Rebecca Ferguson က Rogue Nation ထဲကသူမရဲ့ဇာတ်ကောင် Ilsa Faust အဖြစ်ဆက်လက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Henry Cavill ကတော့ August Walker ဆိုတဲ့ဇာတ်ကောင်နေရာကသရုပ်ဆောင်မှာဖြစ်ပြီး အဲဒါကလူဆိုးလားလူကောင်းဆိုတာကိုတော့ ရုပ်ရှင်ကြည့်ပြီးအဖြေရှာရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Rogue Nation ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Christopher McQuarrie က ပြန်လည်ဦးဆောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

 

Mission: Impossible – Fallout ကို ဒီနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။