Winter 2017-2018 ရာသီအတွက် စောင့်ကြည့်သင့်တဲ့ Anime ၁၀ ခု

Anime ချစ်သူတွေလှုပ်လှုပ်ရွရွဖြစ်ရမယ့်အချိန်ကိုရောက်ရှိလာပြန်ပါပြီ။ ကျွန်တော်တို့မှာလည်း ၃ လတစ်ကြိမ် နောက် season မှာ ဘယ် anime seires တွေကိုကြည့်မယ်လို့ရွေးချယ်ရတာဟာ အလုပ်ကြီးတစ်ခုပါပဲ။ ကျွန်တော်ကတော့ အဲဒီအတွက်ပြင်ဆင်သင့်သလောက်ပြင်ဆင်ပြီးသွားပါပြီ။ ဒီဆောင်းပါးမှာ Winter 2018 အတွက် ကျွန်တော်ရွေးချယ်ထားတဲ့ Anime series ၁၀ ခုနဲ့ ဘာကြောင့်အဲဒီလိုရွေးချယ်ရတာလဲဆိုတာကို ဝေမျှပေးသွားမှာပါ။

ဒီ list ဟာ ကျွန်တော့်စိတ်တိုင်းကျရွေးချယ်ထားတာတွေဖြစ်တဲ့အတွက် objective ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အများစုက anime ချစ်သူတွေအကြိုက်နဲ့ကိုက်မယ်လို့မျှော်လင့်ပါတယ်။ ဒီ list ကို အောက်ပါ criteria တွေအရပြင်ဆင်ထားတာပဲဖြစ်ပါတယ်-

  • Source Material: Anime အများစုက Manga, Light Novel, Game အစရှိတာတွေကို မှီငြမ်းထားကြတဲ့အတွက် anime တစ်ခုကောင်းနိုင်မကောင်းနိုင်ဆိုတာကို သူ့ရဲ့ source material ရဲ့ အရည်အသွေးကိုသွားကြည့်ပြီးခန့်မှန်းနိုင်ပါတယ်။
  • Studio: Anime တွေကိုအသက်သွင်းရေးဆွဲတဲ့ studio တွေဟာကလည်း source material တွေနဲ့တန်းတူအရေးကြီးပါတယ်။ Studio တွေရဲ့ animation quality နဲ့ ဇာတ်လမ်းတွေကို ကြည့်ရှုရအဆင်ပြေအောင်တည်းဖြတ်နိုင်စွမ်းက anime series တစ်ခုအောင်မြင်မအောင်မြင်ကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပါတယ်။
  • Genre: ဒါကတော့ personal taste နဲ့ဆိုင်သွားပါပြီ။ ကျွန်တော့်ရဲ့ list ဆိုတော့ ကျွန်တော်ကြိုက်တဲ့ anime အမျိုးအစားတွေက အနည်းနဲ့အများ priority မြင့်မှာဖြစ်ပါတယ်။

List ကိုမဖော်ပြခင် special mention အနေနဲ့ Cardcaptor Sakura: Clear Card-hen နဲ့ Dakashi Kashi season 2 တို့ကိုဖော်ပြလိုပါတယ်။ အဲဒီ series တွေဟာလည်း အလွန်နာမည်ကြီးတဲ့အထဲမှာပါဝင်ကြပေမယ့် list ကို sequel တွေနဲ့ချည်းမပြည့်သွားစေချင်လို့ ဒီနေရာကနေ သီးသန့်ဖော်ပြပေးလိုက်ပါတယ်။

10. Zoku Touken Ranbu: Hanamaru

Genre: Action, Comedy, Drama, Fantasy, Historical, Slice of Life

Source: Game

ကျွန်တော် Touken Ranbu ဂိမ်းကိုလည်းမဆော့ဖူးပါဘူး။ ဒါကြီးစဖြစ်သွားတာက Touken Ranbu ကို ဂါထာမန်းသလို တဖွဖွရွတ်နေကြတဲ့ သူငယ်ချင်းမိန်းကလေးတွေရဲ့ကျေးဇူးနဲ့ပါ။ ဒီအကြောင်းအခုမှကြားဖူးတဲ့သူတွေအတွက်ကတော့ Touken Ranbu ဆိုတာက ဒီနောက်ပိုင်းခေတ်စားနေတဲ့စတိုင်ဖြစ်တဲ့ အရာဝတ္ထုပစ္စည်းတွေကို လူအသွင်ပြောင်းထားတဲ့ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။ ဒီ series မှာသမိုင်းထဲကနာမည်ကြီးဓားတွေကို ကောင်လေးချောချောလေးတွေအသွင်နဲ့မြင်တွေ့ရမှာပါ။ အခုလာမှာကတော့ season 2 ဖြစ်တဲ့အတွက် season 1 ကြည့်ဖူးသူတွေအတွက်ကတော့ ထွေထွေထူးထူးညွှန်းနေစရာမလိုပါဘူး။ အပျော်အနေနဲ့ကြည့်လို့ကောင်းတဲ့ series တစ်ခုဖြစ်ပါတယ်။

9. A Place Further Than The Universe (Sora Yori mo Tooi Basho)

Genre: Adventure

Source: Original

Ah… How I love Original shows! Original series တွေကိုစောင့်ကြည့်ရတာကတော့ ကျွန်တော့ရဲ့ဝါသနာတစ်ခုလိုပါပဲ။ ဇာတ်လမ်းကိုဘယ်လိုနည်းနဲ့မှ ကြိုတင်မသိရှိနိုင်တဲ့အတွက် နောက်တစ်ပတ်ဘာများဖြစ်သွားမလဲဆိုပြီး အပတ်စဉ်စောင့်မျှော်ကြည့်ရှုရတာက ဘာနဲ့မှလဲလို့မရတဲ့ အရသာတစ်ခုပါပဲ။ ပြီးတော့ ဒီ anime ကိုရေးဆွဲတဲ့ studio က Madhouse ဆိုတော့ အများကြီးစဉ်းစားနေစရာမလိုပဲ ကျွန်တော့်ရဲ့ To Watch List ထဲရောက်သွားပါတယ်။ ဒီ anime ဟာ အန္တာတိကတိုက်ကိုခရီးဆန့်မယ့် ကောင်မလေး ၄ ယောက်အကြောင်းကိုသရုပ်ဖော်ထားတာဖြစ်ပါတယ်။

8. Yowamushi Pedal: Glory Line

Genre: Comedy, Drama, Shounen, Sports

Source: Manga

Yowamushi Pedal ရဲ့ စတုတ္တမြောက် season ဖြစ်ပါတယ်။ စက်ဘီးပြိုင်တာတွေနဲ့ အဓိကဇာတ်အိမ်တည်ထားတဲ့ Yowamushi Pedal ဟာ Sports anime တွေနှစ်သက်သူတွေကြည့်သင့်တဲ့ series တစ်ခုဖြစ်ပါတယ်။

7. Love is Like after the Rain (Koi wa Ameagari no You ni)

Genre: Romance, Seinen

Source: Manga

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီ anime ကိုစိတ်ဝင်စားသွားရတာက သူ့ရဲ့ trailer မှာပါဝင်တဲ့ Aimer သီချင်းကြောင့်ပါ။ အဲဒီနောက်မှာမှ ဒီ anime က ဘယ်လိုအမျိုးအစားလဲဆိုတာကို လိုက်လေ့လာကြည့်မိပါတယ်။ ဇာတ်လမ်းက Tachibana Akira လို့အမည်ရတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းပါ။ သူမဟာ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းဝင်လုပ်နေတုန်းမှာ အချစ်ဆိုတာကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ သူမ ရင်ထဲအသည်းထဲကနေ နှစ်သက်ရသူကတော့ အဲဒီဆိုင်ရဲ့မန်နေဂျာ အသက် ၄၅ နှစ်အရွယ် တစ်ခုလပ်မုဆိုးဖိုပါ။ သူတို့ ၂ ယောက်ကြားက ကြီးမားလှတဲ့အသက်အရွယ်ကွာခြားမှုကြီးကို ဘယ်လိုများကျော်ဖြတ်ကြမလဲဆိုတာကို ဒီ anime လေးကသရုပ်ဖော်သွားမှာဖြစ်ပါတယ်။ အဲဒီတော့… Warning, Feels Ahead! ပါပဲ၊ Seinen အမျိုးအစားဆိုတော့ ဇာတ်လမ်းက တော်တော်လေးလက်တွေ့ဆန်ပြီး လေးနက်မှာဖြစ်တဲ့အတွက်ပါ။

6. Overlord II

Genre: Action, Fantasy, Game, Magic

Source: Light Novel

Ainz Ooal Gown!!!… ဘာရယ်မဟုတ်ပါဘူး.. မင်းသားရဲ့နာမည်ကိုခေါ်လို့ကောင်းလို့ခေါ်ကြည့်တာပါ။ Overlord ဟာ Trapped-in-a-Video-Game အမျိုးအစားဇာတ်လမ်းတွေထဲက တော်တော်ကောင်းတယ်ပြောလို့ရတဲ့ series တစ်ခုဖြစ်ပါတယ်။ ပထမ season ကိုကြည့်ဖူးရင်တော့ ဒီ season 2 ကိုမကြည့်စရာအကြောင်းမရှိပါဘူး။ သူ့ရဲ့အလန်းစား character design တွေက anime ချစ်သူတွေကို အကြိုက်တွေ့စေမှာပါ။

5. The Ryuo’s Work is Never Done! (Ryuuou no Oshigoto!)

Genre: Comedy, Game

Source: Light Novel

ကျွန်တော် lolicon တစ်ယောက်မဟုတ်ပါ… အစကတည်းကမပြောထားရင် အထင်လွဲခံရမှာစိုးလို့ကြိုပြောထားတာပါ။ ဒီ anime ကို Shogi Master တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့မင်းသားနဲ့ သူ့ရဲ့တပည့်ဖြစ်ချင်တဲ့ ၉ နှစ်အရွယ်ကောင်မလေးတို့ကြားကအဖြစ်အပျက်တွေနဲ့ဇာတ်လမ်းဆင်ထားပါတယ်။ သူ့ရဲ့ Synopsis ရယ် Trailer ရယ်ကနေခန့်မှန်းလို့ရတာကတော့ ဒီ anime ဟာ Moe factor တွေနဲ့ပြည့်နေတဲ့ ဟာသဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အပန်းပြေရယ်ချင်မောချင်ရင်တော့ ဒီ series ကို သင့်ရဲ့စောင့်ကြည့်စာရင်းထဲ ထည့်ထားသင့်ပါတယ်။

4. The Disastrous Life of Saiki K. (Saiki Kusuo no Psi Nan)

Genre: Comedy, School, Shounen, Supernatural

Source: Manga

ဒီနောက်ပိုင်းမှာ episode တစ်ခု ၅ မိနစ် anime series တွေကို လူတွေတော်တော်သတိထားမိလာကြပါတယ်။ ဒီ series ဟာဆိုရင်လည်း အဲဒီလိုမျိုးထဲကတစ်ခုဖြစ်ပါတယ်။ ဒီ anime မှာ Supernatural စွမ်းအင်မျိုးစုံကိုပိုင်ဆိုင်တဲ့ Saiki Kusuo ဆိုတဲ့ကောင်လေးရဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ဟာသဆန်ဆန်သရုပ်ဖော်ထားပါတယ်။ သေချာတာကတော့ ဒီ anime ကိုကြည့်ရင် သေချာပေါက်ရယ်ရမှာပဲဖြစ်ပါတယ်။

3. The Seven Deadly Sins: Revival of the Commandments (Nanatsu no Taizai: Imashime no Fukkatsu)

Genre: Action, Adventure, Fantasy, Shounen, Supernatural

Source: Manga

အပျံစားအက်ရှင်ခန်းတွေကိုကြည့်ချင်ရင်တော့ ဝေးဝေးလံလံရှာမနေပဲ Seven Deadly Sins ကိုသာပြေးကြည့်လိုက်ပါလို့ပြောရမှာပါ။ ဒီဟာကိုမကြည့်ခင် season 1 ကို အရင်ပြေးကြည့်လိုက်ဖို့အကြံပေးလိုက်ပါတယ်။ ဇာတ်လမ်းပိုင်း၊ animation ပိုင်းတွေ ဘာမှအပြစ်ပြောစရာမရှိတဲ့ series တစ်ခုဖြစ်ပါတယ်။ ကျွန်တော်က season 1 အပြီး နောက်ပိုင်းဇာတ်လမ်းတွေကို Manga ဖတ်ထားတာမို့ တစ်ခွန်းပဲပြောလိုက်ချင်ပါတယ်… It’s gonna be lit!

2. Violet Evergarden

Genre: Drama, Fantasy

Source: Light Novel

လူတွေရဲ့စိတ်ခံစားချက်တွေကို စကားလုံးအြဖစ်အသွင်ပြောင်းပေးတဲ့ Violet Evergarden လို့အမည်ရတဲ့ Auto Memories Doll နဲ့ သူမရဲ့ဘဝခရီးလမ်းကိုသရုပ်ဖော်ထားတဲ့ ဒီဇာတ်လမ်းလေးဟာ ဒီ season အတွက် လူတွေအမျှော်လင့်ထားဆုံး anime တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီ anime ကိုရေးဆွဲတဲ့ studio က animation frame တိုင်းကို အလှဆုံးဖြစ်အောင် ရှယ်ရေးဆွဲတတ်တဲ့ Kyoto Animation ဖြစ်တဲ့အတွက် ရုပ်ထွက်ပိုင်းကလန်ပျံထွက်နေမယ်ဆိုတာ 120% အာမခံပါတယ်။ Drama ကြိုက်တတ်သူတွေအတွက် Must Follow ဖြစ်ပါတယ်။ ဒီလောက်တောင်မိုက်နေရင် ဘာလို့နံပါတ် ၁ မဖြစ်တာလဲလို့မေးချင်စရာရှိပါတယ်၊ အဲဒါကတော့ နံပါတ် ၁ နေရာက anime က ကျွန်တော့်ရဲ့ personal favorite ဖြစ်နေလို့ပါ။

1. Fate/Extra: Last Encore

Genre: Action, Fantasy, Magic

Source: Game

Japanizing Beam ထိထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်စဖွယ် Umu လေးကို anime series ထဲမှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ကျွန်တော်ဘာကိုပြောချင်တာလဲသိချင်ရင် Google မှာ Nero Claudius ဆိုပြီးရှာကြည့်လိုက်ပါ၊ ထိပ်ဆုံးမှာပေါ်လာတဲ့ Anime ကောင်မလေးကိုဆိုလိုတာဖြစ်ပါတယ်။ Fate/Extra: Last Encore ဟာ Grail War တွေ၊ Servant တွေနဲ့ဇာတ်အိမ်တည်တဲ့ Fate Franchise ရဲ့ နောက်ဆုံး entry တစ်ခုဖြစ်ပါတယ်။ ဒီ anime မှာ ရောမအင်ပါယာရဲ့ဘုရင်ကြီး Nero Claudius က Saber class, Knights of the Round Table ထဲက Gawain က Saber class, နာမည်ကျော်ပင်လယ်ဓားပြကြီး Francis Drake က Rider class, နာမည်ကျော်သူရဲကောင်း Robin Hood က Archer class, ကလေးကဗျာနဲ့သီချင်းဖြစ်တဲ့ Nursery Rhyme က Caster class, တရုတ်သိုင်းဆရာကြီး Li Shuwen က Berserker class အဖြစ်နဲ့ပါဝင်ကြမှာဖြစ်ပါတယ်။ သင်ဟာ Fate series ပရိသတ်တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီ anime ကို follow မလုပ်စရာအကြောင်းမရှိပါဘူး။

Cover Image Source: CLare@Pixiv

Movie News

,

No Comments

Leave a Reply

Your email address will not be published. Required fields are marked *