မျှော်လင့်ချက်ရေးရေးလေးပေါ်လာတဲ့ ‘Black Widow’ ရုပ်ရှင်

‘Black Widow’ ရုပ်ရှင်ဘယ်တော့ထွက်မှာလဲလို့ မေးနေကြတဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ Marvel က ‘Black Widow’ ရုပ်ရှင်အတွက်ပထမဦးဆုံးခြေလှမ်းအနေနဲ့ Jac Schaeffer ကို ဇာတ်ညွှန်းရေးသားမယ့်သူအဖြစ်ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Marvel Studios ရဲ့ဥက္ကဌဖြစ်သူ Kevin Feige က Scarlett Johansson နဲ့တွေ့ဆုံပြီး ‘Black Widow’ ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တိုင်ပင်ဆွေးနွေးကြပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ‘Black Widow’ ရုပ်ရှင်ဟာ တရားဝင်အတည်မပြုရသေးတဲ့ project တစ်ခုဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ project ကိုစတင်ဖို့ ခြေလှမ်းတွေပြင်နေပြီဆိုတာကိုက သတင်းကောင်းတစ်ခုဖြစ်ပါတယ်။

Johansson ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိတဲ့ ‘Iron Man 2’ ကစတင်ပြီး Marvel Cinematic Universe ထဲကရုပ်ရှင်တွေမှာ Black Widow ဇာတ်ကောင်အဖြစ် သရုပ်ဆောင်လာခဲ့သူဖြစ်ပါတယ်။ Jac Schaeffer ဆိုတာကတော့ ‘Nasty Women’ နဲ့ ‘Dirty Rotten Scoundrels’ ရုပ်ရှင်တွေအတွက် ဇာတ်ညွှန်းရေးသားပေးခဲ့သူဖြစ်ပါတယ်။

အခုဆိုရင် MCU Phase 3 ထဲကဇာတ်ကားတွေကလည်း ကုန်ခါနီးနေပြီဖြစ်ပြီး Phase 4 မှာပါဝင်မယ့်ရုပ်ရှင်တွေကိုကြေညာတဲ့နေရာမှာ ‘Black Widow’ နာမည်ကိုမြင်ရဖို့ အလားအလာများသွားပါပြီ။ Black Widow ဇာတ်ကောင် စတင်ပါဝင်လာချိန်ကတည်းက Black Widow အတွက် သီးသန့်ရုပ်ရှင်ထုတ်ပေးဖို့ Marvel ပရိသတ်တွေ တစ်စိုက်မတ်မတ်တောင်းဆိုလာကြတာ အခုဆိုရင်တော့ အဲဒီဆန္ဒတွေပြည့်ဝဖို့ နီးစပ်လာပြီပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *