ပေါ့ပေါ့ပါးပါးနဲ့ ဟာသရသပေးမယ့် ‘Midnight Runners’

midnight runners

ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေက Chemistry အင်မတန်ကောင်းတာ.. ဒါကြောင့်လည်း ဇာတ်ကားက ကြည့်လို့ကောင်းတာ” ဆိုတာက ရုပ်ရှင်ချစ်သူတွေကြားမှာ မကြာမကြာသုံးနှုန်းလေ့ရှိတဲ့ အသုံးအနှုန်းလေးပါ။ ဒါပေမယ့် အဲဒါကို တိတိပပ ရှင်းပြဖို့ကျပြန်တော့လည်း နည်းနည်းလက်ပေါက်ကပ်ပါတယ်။ အဲဒါဆို သရုပ်ဆောင်တွေကြားက “Chemistry” ဆိုတာက ဘာကိုဆိုလိုတာလဲ…

 

အဲဒီလို အဓိကသရုပ်ဆောင်တွေ Chemistry ကောင်းပြီဆိုရင် Dialogue တွေမပါပဲနဲ့ကို သူတို့ရဲ့ဟန်ပန်အမူအရာကိုကြည့်တာနဲ့တင် ဇာတ်လမ်းကပေးချင်တဲ့ Message ကို ခံစားရပါတယ်.. ဟာသဆိုလည်း ဟာသ.. အချစ်ဆိုလည်း အချစ်ပေါ့။ ဥပမာအနေနဲ့ Rush Hour ဇာတ်လမ်းတွဲကိုပေးချင်ပါတယ်။ အဲဒီဇာတ်ကားတွေထဲက Jackie Chan နဲ့ Chris Tucker တို့အတွဲဟာ “Chemistry ကောင်းတယ်” ဆိုတာရဲ့ အထင်ရှားဆုံးဥပမာတွေထဲကတစ်ခုပါ။

 

နောက်ပြီးတော့ Mr. & Mrs Smith (2005) ထဲမှာဆိုရင်လည်း Brad Pitt နဲ့ Angelina Jolie တို့ လိုက်ဖက်ညီပုံက သာမန်သာသာထက်မပိုတဲ့ ဇာတ်ညွှန်းနဲ့ရုပ်ရှင်ကို Box Office မှာပါ အကြီးအကျယ်အောင်ပွဲခံသွားစေခဲ့ပါတယ်။ ကိုရီးယားအချစ်ဟာသကားတွေရဲ့ စံ လို့တောင်ပြောလို့ရတဲ့ My Sassy Girl (2001) မှာဆိုရင်လည်း Cha Tae Hyun နဲ့ Jun Ji Hyun တို့အတွဲ လိုက်ဖက်ညီတာဟာဆိုရင် သူတို့ဇာတ်ရုပ်နေရာမှာ အခြားမင်းသားမင်းသမီးတွေကို အစားထိုးပြီး မြင်ယောင်ကြည့်လို့မရနိုင်လောက်အောင်ပါပဲ။

 

rush-hour-2          mr-mrs-smith      .    my sassy girl

 

ဒီနေ့ပြောပြချင်တဲ့ Midnight Runners ဇာတ်ကားလေးဟာဆိုရင်လည်း ဒီ “သရုပ်ဆောင်တွေကြားက Chemistry ကောင်းလွန်းလို့ ဇာတ်ကားကပါ အရမ်းကောင်းသွားတယ်” ဆိုတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ကောင်းကွက်လေးတွေကို အောက်မှာ အသေးစိတ်တင်ဆက်ပေးလိုက်ပါတယ်။ Spoiler လုံးဝမပါတာမို့ စိတ်ချလက်ချဖတ်နိုင်ပါတယ်။

 

ဘာတွေဘယ်လိုကောင်းတာလဲ…

 

midnight runners
Kang Ha Neul (Left), Park Seo Joon (Right)

 

ဇာတ်လမ်းအရလား.. သာမန်ထက်မပိုပါဘူး။ မြင်ဖူးနေကျ ရာဇဝတ်မှုတွေနှိုမ်နှင်းတဲ့ Buddy Cop ဇာတ်လမ်းပါပဲ။ အက်ရှင်ခန်းတွေကလည်း အကျွံကြီးတွေမပါပဲ သူ့အနေအထားနဲ့သူ မဆိုးဖူးအိုကေတယ် ဆိုရုံလောက်လေးပါပဲ။ ဘာက စားသွားသလည်းဆိုရင် ဒါရိုက်တာရဲ့ ပညာသားပါတဲ့ ဇာတ်အိမ်တည်ဆောက်မှုနဲ့ အဓိကသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Park Ki Joon (Park Seo Joon) နဲ့ Kang Hee Yeol (Kang Ha Neul) တို့ကြားက Chemistry ဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းကတော့ Park Ki Joon နဲ့ Kang Hee Yeol တို့နှစ်ဦးက ရဲသင်တန်းကျောင်း တက်ရောက်နေကြသူတွေပါ။ Ki Joon ဟာ စိတ်မြန်လက်မြန်နဲ့ လုပ်ချင်တာကိုအရင်လုပ်လိုက်ရမှဆိုတဲ့ လူမျိုးဖြစ်ပြီးတော့ Hee Yeol ဟာဆိုရင် လုံးဝစံပြကျောင်းသားဒီဇိုင်းမျိုးပါ။ အကျင့်စရိုက်တွေက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေပေမယ့် သူတို့နှစ်ဦးမှာ တူညီတာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ မကောင်းမှုမြင်ရင် မနေနိုင်တာပါ။

 

ဖြစ်ချင်တော့ တစ်ညမှာ သူတို့နှစ်ယောက်လိုက်ကြောင်ဖို့ ချိန်နေတဲ့ကောင်မလေးကို အမည်မသိလူတစ်စုဖမ်းသွားတာကို မတော်တဆမြင်တွေ့သွားခဲ့ပါတယ်။ အဲဒီအကြောင်းကို ရဲစခန်းကိုသွားအကြောင်းကြားတော့လည်း ထုံးစံအတိုင်း အင်းမလုပ် အဲမလုပ်ဆိုတော့ နှစ်ယောက်သား ညကြီးသန်းခေါင် စမ်းတဝါးဝါးနဲ့ လှုပ်ရှားကြရပါတော့တယ်။

 

ဒီနေရာမှာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့နှစ်ယောက် အပေးအယူမျှပုံက ဒီဇာတ်ကားတစ်ခုလုံးကို သယ်သွားခဲ့ပါတယ်။ အက်ရှင်ခန်းဆိုလည်း အက်ရှင်မို့၊ ဟာသခန်းဆိုလည်း ဟာသခန်းမို့.. အလိုအပိုမရှိ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးပေးသွားကြတာ ဇာတ်ကားတစ်ခုလုံးပါပဲ။ သူတို့နှစ်ယောက်ရဲ့ တွေးခေါ်ပုံတွေ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောကြတဲ့ Dialogue တွေ၊ သူတို့ရဲ့ ပြုမူလုပ်ဆောင်မှုတွေက အင်မတန်သဘာဝကျပြီး လက်တွေ့ဘဝနဲ့နီးစပ်လွန်းတာမို့ ကြည့်ရှုသူတွေကိုယ်တိုင် သူတို့နေရာကို ခံစားကြည့်ပေးလို့ရနိုင်တာကလည်း သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်တွေကို ပိုပြီးအသက်ဝင်စေခဲ့ပါတယ်။

 

နောက်ထပ်ချီးကျူးရမှာတစ်ခုက ဒါရိုက်တာ Kim Joo Hwan ရဲ့ ဇာတ်လမ်းကို သယ်ဆောင်သွားပုံလေးပါ။ ဇာတ်လမ်းအစကို ဟာသနဲ့ဖွင့်ထားပြီးတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ ဇာတ်လမ်းက Dark ဖြစ်သွားတဲ့အချိန်တွေမှာလည်း အဲဒီဟာသအငွေ့အသက်လေးကို မပျောက်သွားစေခဲ့ပါဘူး။ ဇာတ်လမ်းက Heavy ဖြစ်လာပြီဆိုတိုင်း ဟာသလေးတွေကို လိုအပ်သလောက်လေးပဲထည့်ထည့်သွားပြီး ဇာတ်လမ်းရဲ့ Tone နဲ့ Tempo ကို ထိန်းသွားခဲ့ပါတယ်။ သူ့ရဲ့ပြောင်မြောက်တဲ့ ဇာတ်လမ်းကိုထိန်းကျောင်းသွားပုံနဲ့ ခေါင်းဆောင်မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်ပီပြင်ပုံတို့ကိုပေါင်းလိုက်တော့ အင်မတန်မှကို ကြည့်ရှရတာတန်တဲ့ ဇာတ်ကားတစ်ခုဖြစ်လာခဲ့ပါတယ်။

 

Midnight Runners ဟာ ဒါရိုက်တာ Kim Joo Hwan ကိုရော မင်းသား Park Seo Joon ကိုပါ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ခါတင်စာရင်းတွေထဲပါဝင်စေခဲ့ပြီး Park Seo Joon ဟာဆိုရင် ‘Best New Actor’ ဆုတွေကိုပါ ဆွတ်ခူးရရှိသွားခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

midnight runners
Park Seo Joon (Left), Kang Ha Neul (Right)

အကျဉ်းချုပ်ပြောရမယ်ဆိုရင်…

 

Midnight Runners နဲ့ပတ်သက်ပြီးတော့ အပြစ်ပြောစရာက မရှိသလောက်ပါပဲ (ကျွန်တော့်အနေနဲ့ဆို တကယ်ကိုမရှိတာပါ)။ သို့ပေမယ့်လည်း တစ်ခုခုတော့ မရှိရှိတာ ဖျစ်ညှစ်ပြောရမှာဆိုတော့ သူ့ရဲ့ Cliche ဖြစ်နေတဲ့ Buddy Cop ဇာတ်ကားပုံစံခွက်ထဲက ဇာတ်လမ်းကျောရိုးကိုပဲ လက်ညှိုးထိုးပြလိုက်ပါတယ်။ ဒါကြောင့် ဟင်ခနဲ ဟာခနဲဖြစ်သွားစေမယ့် ဇာတ်လမ်းအလှည့်အပြောင်းတွေ၊ အသစ်အဆန်းတွေ မြင်ရဖို့တော့ မျှော်လင့်လို့မရပါဘူး။

 

ဒါပေမယ့် ကျွန်တော်ဟာ “ဇာတ်ကားတစ်ခုဟာ အသစ်အဆန်းတွေလုပ်ပြမှ၊ Message ကောင်းကောင်းပါမှ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်” လို့ဆိုပြီး မခံယူပါဘူး။ ဇာတ်ကားဆုံးသွားတဲ့အချိန်မှာ စိတ်ကျေနပ်မှုတစ်စုံတစ်ရာပေးနိုင်ရင်၊ သူပြချင်တာက ကိုယ့်ရင်ထဲကို ထိတယ်ဆိုရင်ကိုပဲ ကျေနပ်ပါတယ်။ အဲဒီလိုခံယူတဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားဟာ စိတ်ကျေနပ်မှုတွေ ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

 

ကျွန်တော်ကတော့ Midnight Runners ကို ဟိုးအပေါ်ဆုံးမှာပြောခဲ့တဲ့ Rush Hour လိုဇာတ်ကားတွေနဲ့ တစ်တန်းတည်းလောက်ကို သတ်မှတ်ချင်ပါတယ်။ ဒီဇာတ်ကားအပေါ် ကျွန်တော့်ရဲ့ Personal Rating ကတော့ 8.5/10 ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ကြည့်မယ်ဆိုတဲ့သူတွေအတွက် Midnight Runners ကြည့်ဖို့ပေးလိုက်ရမယ့် ၁ နာရီခွဲ အချိန်လေးကို သင့်အနေနဲ့ နောင်တရမှာမဟုတ်ပါဘူးလို့ အာမခံပေးလိုက်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *