ချစ်စဖွယ် ကာတွန်းလေး ‘Smallfoot’ ရဲ့ ပထမဦးဆုံး Trailer ထွက်ပြီ

smallfoot

အရပ်ကိုးပေးလောက်ရှိပြီး တစ်ကိုယ်လုံးအမွှေးတွေနဲ့ ဖုံးလွှမ်းနေပါတယ်ဆိုတဲ့ Bigfoot ဆိုတဲ့ သတ္တဝါက နာမည်သာကြီးတာ သူတို့တကယ်ရှိကြောင်း ဘယ်သူမှသက်သေမပြနိုင်သေးပါဘူး။ သူတို့တကယ်ရှိကြောင်း ယုံကြည်တဲ့သူတွေရှိသလို သူတို့ကို ပုံပြင်သာသာလောက်သာ သဘောထားတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ Bigfoot ကတော့ လူတွေရဲ့အတွေးတစ်နေရာကို ရယူပိုင်ဆိုင်ထားနိုင်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။

Warner Bros က အဲဒီ concept ကိုယူပြီး ဒီ ‘Smallfoot’ ဆိုတဲ့ ကာတွန်းကားလေးကို ဖန်တီးနေပါတယ်။ ဒီကာတွန်းကားမှာ ကျွန်တော်တို့လူသားတွေက ခြေထောက်အင်မတန်သေးတဲ့ သတ္တဝါ ‘Smallfoot’ အဖြစ်နဲ့ နာမည်ကြီးနေပါတယ်။ ဘယ်သူကမှလည်း မြင်ဖူးခြင်းမရှိ၊ တကယ်ရှိကြောင်းလည်း သက်သေပြလို့မရတဲ့အတွက် Smallfoot တွေဟာ Yeti တွေကြားမှာ အိပ်ယာဝင်ပုံပြင်ထဲက သတ္တဝါအထူးအဆန်းတစ်မျိုးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Migo (Channing Tatum) လို့အမည်ရတဲ့ Yeti ကတော့ Smallfoot ဆိုတဲ့သတ္တဝါ တကယ်ရှိကြောင်း ရှားရှားပါးပါး ယုံကြည်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူယုံကြည်ထားတဲ့အတိုင်း Smallfoot လို့အမည်ပေးထားတဲ့ လူသားတွေကို ရှာဖွေတွေ့ရှိသွားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

 

ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာလေးပါ။ အထူးသဖြင့် Folklore ထဲက သတ္တဝါတွေနဲ့ လူတွေကို နေရာချင်းပြောင်းပြီး ရိုက်ပြထားတာလေးကို တော်တော်သဘောကျမိပါတယ်။ ကိုယ်တွေက အကောင်ကြီးတွေကိုမြင်ရင် အထူးအဆန်းကြည့်သလိုမျိုး အကောင်ကြီးတွေကလည်း ကိုယ်တွေကိုမြင်ရင် အံ့သြကြတယ်ဆိုတာလေးကို ဟာသလေးနှောပြီးရိုက်ပြထားတာလေးက အူနှိပ်ပြီးမရယ်မိရင်တောင် သင့်ကိုပြုံးမိစေလောက်မှာပါ။ ‘Smallfoot’ ကို ၂၀၁၈ စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အောက်က Trailer လေးကိုကြည့်ပြီး ကြိုတင်ရယ်မောထားလိုက်ကြရအောင်လား…

Leave a Reply

Your email address will not be published. Required fields are marked *