Mission Impossible 6 နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိသိရှိရသမျှ

မင်းသားကြီး Tom Cruise ဦးဆောင်ပါဝင်တဲ့ ‘Mission Impossible‘ ဇာတ်ကားတွေဟာ ဖန်တရာတေနေတဲ့ဇာတ်အိမ်တွေကြောင့် ရိုးလာပြီလို့ပြောလို့ရပေမယ့် အဲဒါတွေဟာ Hollywood ရဲ့အကောင်းဆုံး အက်ရှင်ကားတွေထဲကတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ ချမယ်ပြုမယ် spy gadget အလန်းစားတွေကြည့်မယ် ဆိုတဲ့ပရိသတ်တွေအတွက်ကတော့ MI ဇာတ်ကားတွေက အမြဲတမ်းလန်းနေဦးမှာပါပဲ။ အဲဒီလိုပရိသတ်တွေအတွက် ဒီနှစ်ထဲရုံတင်မယ့် ၆ ကားမြောက် Mission Impossible ဇာတ်ကားနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိသိရှိထားရသလောက်အချက်အလက်တွေကို စုစည်းဖော်ပြပေးသွားပါမယ်။

 

ပထမဆုံးအနေနဲ့ ဒီ ၆ ကားမြောက် Mission Impossible ဇာတ်ကားရဲ့ official နာမည်က Mission: Impossible – Fallout ဖြစ်ပါတယ်။ ဒီနာမည်ကို Tom Cruise က သူ့ရဲ့ Instagram စာမျက်နှာကနေ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ထုတ်ဖော်ပြေကြားလိုက်တာဖြစ်ပါတယ်။ အဲဒီ post မှာ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့နောက်ထပ်ပုံတွေကို သူ့ပရိသတ်တွေကိုပြချင်သေးတယ်လို့ဆိုထားခဲ့ပြီး Cruise တစ်ယောက် ရဟတ်ယာဉ်မှာတွဲလောင်းခိုပြီး လိုက်ပါပျံသန်းနေတဲ့ပုံကိုပါ တစ်ပါတည်းဖော်ပြထားခဲ့ပါတယ်။ Rogue Nation တုန်းက ပျံတက်နေတဲ့လေယာဉ်ကိုတွဲလောင်းခိုလိုက်တဲ့စတန့်ကွက်လောက်မခမ်းနားပေမယ့် သူ့အတိုင်းအတာနဲ့သူတော့လန်းပါသေးတယ်။

 

 

Cruise ဟာ သူ့ဇာတ်ကားတွေထဲကစတန့်ကွက်တွေကို လူစားမထိုးပဲကိုယ်တိုင်သရုပ်ဆောင်လေ့ရှိပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Rogue Nation ထဲက လေယာဉ်ပေါ်တွဲလောင်းပါသွားတဲ့စတန့်ကွက်တွေကအစ ကိုယ်တိုင်သရုပ်ဆောင်တဲ့သူဖြစ်ပါတယ်။ အခု Fallout ထဲကစတန့်ကွက်တွေဟာလည်း ခြွင်းချက်မဟုတ်ပါဘူး.. သူကိုယ်တိုင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ၂၀၁၇ သြဂုတ်လတုန်းက စတန့်လုပ်ရင်း Cruise ရဲ့ ခြေကျင်းဝတ်ကျိုးသွားတော့ ရိုက်ကူးရေးကိုလုံးဝရပ်နားထားခဲ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ပုံက အဲဒီမတော်တဆမှုကိုဖြစ်စေခဲ့တဲ့ စတန့်ကွက်ဖြစ်ပါတယ်.. တိုက်နှစ်လုံးကြားကို ခုန်ကျော်ရင်းနဲ့ ခြေထောက်အကျမှားသွားခဲ့တာဖြစ်ပါတယ်။ TV Show တစ်ခုမှာ Cruise ပြောကြားခဲ့တာကတော့ သူခြေကျင်းဝတ်ကျိုးသွားတဲ့ရိုက်ကွက်ဟာ ရုပ်ရှင်ထဲမှာပါဝင်တယ်ဆိုတာပါပဲ။ ဘယ်လိုကျိုးသွားခဲ့တယ်ဆိုတာရဲ့အနှေးရိုက်ကွက်ကို အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။

 

Tom Cruise as Ethan Hunt in MISSION: IMPOSSIBLE – FALLOUT

 

 

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက Fallout နဲ့ပတ်သက်ပြီး ဓာတ်ပုံအသစ်တွေထုတ်ပြန်ခဲ့ရာမှာ Superman မင်းသား Henry Cavill ကို Justice League ရုပ်ရှင်ကိုဒုက္ခပေးခဲ့တဲ့ သူ့ရဲ့နာမည်ကြီး နှုတ်ခမ်းမွေးနဲ့အတူမြင်တွေ့နိုင်မှာပါ။

 

Left to right: Henry Cavill and Angela Bassett in MISSION: IMPOSSIBLE – FALLOUT

Mission: Impossible – Fallout မှာ Tom Cruise က သူ့ရဲ့မူပိုင်ဇာတ်ကောင်ဖြစ်တဲ့ Ethan Hunt အဖြစ်ဆက်လက်ပါဝင်မှာဖြစ်ပြီး မင်းသမီး Rebecca Ferguson က Rogue Nation ထဲကသူမရဲ့ဇာတ်ကောင် Ilsa Faust အဖြစ်ဆက်လက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Henry Cavill ကတော့ August Walker ဆိုတဲ့ဇာတ်ကောင်နေရာကသရုပ်ဆောင်မှာဖြစ်ပြီး အဲဒါကလူဆိုးလားလူကောင်းဆိုတာကိုတော့ ရုပ်ရှင်ကြည့်ပြီးအဖြေရှာရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Rogue Nation ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Christopher McQuarrie က ပြန်လည်ဦးဆောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

 

Mission: Impossible – Fallout ကို ဒီနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *