Mark Wahlberg က သူ့အနုပညာကြေး ဒေါ်လာ ၁ သန်းခွဲကိုလှူလိုက်တာနဲ့ အဆုံးသတ်သွားခဲ့တဲ့ ‘All The Money In The World’ Drama

ဒါရိုက်တာကြီး Ridley Scott ရဲ့ All The Money In The World ဇာတ်ကားကတော့ ဒီလပိုင်းအတွင်းမှာ real-life drama ပေါင်းများစွာနဲ့ တစ်ကမ္ဘာလုံးကိုဖျော်ဖြေနေတယ်လို့ပြောရင် ပိုမယ်လို့မထင်ပါဘူး။ အခုတော့ အဲဒီ drama တွေဟာ Mark Wahlberg က သူ့ရဲ့ reshoot fees ဒေါ်လာ ၁ သန်းခွဲကို လှူပလိုက်တာနဲ့အတူ ဆုံးခန်းတိုင်သွားပြီလို့ ယူဆလို့ရလောက်ပြီဖြစ်ပါတယ်။ ဘာတွေဖြစ်ပျက်သွားခဲ့တာလဲမသိတဲ့သူတွေကတော့ အောက်မှာသာဆက်ဖတ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုပါတယ်။

 

ဇာတ်လမ်းအားလုံးရဲ့အစက House of Cards မင်းသားကြီး Kevin Spacey လို့ပြောရမှာပါ။ သူဟာ Weinstein Effect လို့ခေါ်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေကို လိင်ပိုင်းဆိုင်ရာမတော်မတရားပြုလုပ်မှုတွေနဲ့စွပ်စွဲကြတဲ့ trend ရဲ့ အထင်ရှားဆုံးသားကောင်တစ်ယောက်ဖြစ်ပါတယ်။ Spacey ဟာ ၂၀၁၇ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး အမှုပေါင်းမြောက်မြားစွာနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Spacey ဟာ House of Cards ထဲကနေကန်ထုတ်ခံလိုက်ရသလို Netflix က သူနဲ့လုံးဝအဆက်ဖြတ်သွားခဲ့ပါတယ်။ ထိုနည်းတူပဲ သူအဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ All The Money In The World ဇာတ်ကားထဲကနေလည်း ပထုတ်ခြင်းခံလိုက်ရပါတယ်။ အဲဒီအချိန်မှာဆိုရင် All The Money In The World ဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ Premiere Show ပြသဖို့တောင်စီစဉ်ပြီးနေပြီဖြစ်ပါတယ်။

 

အဓိကဇာတ်ကောင်တစ်ယောက်ထွက်သွားတော့ ဒါရိုက်တာ Ridley Scott အနေနဲ့ Kevin Spacey ပါဝင်ထားတဲ့အခန်းအားလုံးကို အစကနေပြန်လည်ရိုက်ကူးရပါတော့တယ်။ Kevin Spacey သရုပ်ဆောင်ထားခဲ့တဲ့ J. Paul Getty ဇာတ်ကောင်ကို Christopher Plummer နဲ့အစားထိုးပြီး နိုဝင်ဘာ ၂၀ ကနေ ၂၉ ရက်အတွင်းမှာ အပြီးအစီးရိုက်ကူးခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ reshoot အတွက် ရုပ်ရှင်မှာပါဝင်သူတွေအားလုံးက အခမဲ့ပါဝင်ပေးခဲ့တယ်လို့ပဲဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်က USA Today ကထုတ်ပြန်ခဲ့တဲ့သတင်းမှာ အဓိကအမျိုးသမီးဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Michelle Williams က reshoot အတွက် တစ်ရက်ကို ဒေါ်လာ ၈၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၈၀၀ ခန့်သာရရှိခဲ့ချိန်မှာ အဓိကအမျိုးသားဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Mark Wahlberg က ပြန်လည်ရိုက်ကူးကြေး ဒေါ်လာ ၁ သန်းခွဲရရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

 

ဒီသတင်းကိုသိရှိရချိန်မှာ အမျိုးသားနဲ့အမျိုးသမီးတွေကြား လိင်ခွဲခြားပြီး လုပ်အားကြေးတွေခွဲခြားသတ်မှတ်တယ်လို့ဆိုပြီး Hollywood တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ပါတယ်။ ဘယ်အရာမှ ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ဒီလိုအချိန်မှာဖြစ်တာဆိုတော့ ပြဿနာကပုံမှန်ထက်ကိုအများကြီး ပိုမိုကြီးမားသွားခဲ့ပါတယ်။ နောက်မှသိရှိလာရတာက Williams ရဲ့စာချုပ်မှာ reshoot တွေရှိခဲ့ရင်ပါဝင်ရမယ်ဆိုတဲ့အကြောင်းအရာပါဝင်ပြီး Wahlberg ရဲ့စာချုပ်မှာအဲဒါမပါဝင်ဘူးဆိုတာပါပဲ။ ပြီးတော့ Wahlberg ဟာ စာချုပ်အရ သူနဲ့တွဲဖက်သရုပ်ဆောင်ရမယ့်သူကို ရွေးချယ်ဆုံးဖြတ်ပေးနိုင်တဲ့အတွက် Plummer ကို Spacey အစားသရုပ်ဆောင်စေချင်ရင် သူ့ကိုအနည်းဆုံး ဒေါ်လာ ၁ သန်းအပိုထပ်ပေးရမယ်ဆိုပြီး ဆိုခဲ့တယ်လို့ ထပ်မံသတင်းထွက်လာပြန်ပါတယ် (USA Today)။ အဲဒီတော့ ဒီရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းကလူတွေက Wahlberg ကိုဘယ်လောက်တောင်ဝိုင်းပြောကြမလည်းဆိုတာ မြင်ယောင်ကြည့်လိုက်ပါတယ်။

 

အဲဒီလိုဝိုင်းပြောကြတာ မခံနိုင်တော့လို့ထင်ပါတယ် နောက်ဆုံးမှာတော့ Mark Wahlberg က ပြန်လည်ရိုက်ကူးရာကရရှိခဲ့တဲ့ ဒေါ်လာ ၁ သန်းခွဲလုံးကို Michelle Williams နာမည်နဲ့ Time’s Up Campaign ကိုလှူပလိုက်ပါတယ်။ အဲဒီလိုလှူရာမှာ Wahlberg ရဲ့ Agency ဖြစ်တဲ့ WME က ထပ်ဆောင်းပြီး ဒေါ်လာ ၅ သိန်းထည့်ဝင်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Williams က သူနဲ့အတူရပ်တည်ပေးခဲ့ကြတဲ့ ရုပ်ရှင်မင်းသမီးတွေရော ဒီလိုလှူတန်းပေးခဲ့တဲ့ Wahlberg ကိုပါကျေးဇူးတင်ကြောင်း Hollywood Reporter ကိုပြောကြားခဲ့ပါတယ်။

 

All The Money In The World နဲ့ပတ်သက်တဲ့ Drama ကတော့ ဒီနေရာမှာတင်ပြီးဆုံးလောက်ပြီလို့ ယူဆရပါတယ်.. ဒါ့ထက်အပြင် ထပ်ဖြစ်နိုင်စရာကိစ္စတွေကလည်း မကျန်တော့သလောက်ပါပဲ။ Wahlberg နဲ့ သူ့ Agency ကတော့ အဆုံးမှာ သူ့တို့နာမည်ကောင်းကျန်ခဲ့အောင် လှလှပပ PR လုပ်ပြသွားပါတယ်.. ဒေါ်လာ ၂ သန်းကုန်သွားခဲ့တယ်ဆိုပေမယ့် ဒီ drama တွေထဲက ကောင်းကောင်းမွန်မွန်ပြန်ထွက်လာနိုင်တာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဒီလောက် drama တွေပွေလိမ်ရိုက်နေခဲ့ပေမယ့် All The Money In The World ရဲ့ ရလဒ်ကတော့ မဆိုးလှဘူးပြောရမှာပါ.. လက်ရှိအချိန်မှာ Rotten Tomatoes မှာ 77% နဲ့ Metacritic မှာ 73 ရရှိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *