Harley Quinn ရုပ်ရှင်ကို အာရှတိုက်သား အမျိုးသမီးဒါရိုက်တာက ဦးဆောင်ရိုက်ကူးမည်

suicide-squad

အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေရတဲ့ DCEU ကတော့ သူ့ရဲ့ နောက်ဆုံးထွက်ဇာတ်ကားတစ်ခုဖြစ်လာမယ့် Harley Quinn ရုပ်ရှင်ကို နာမည်တောင် မကြားဖူးတဲ့ ဒါရိုက်တာအသစ်စက်စက်ရဲ့လက်ထဲကို ဝကွက်အပ်လိုက်ပြီး ကံတရားနဲ့ အလောင်းအစားပြုလုပ်လိုက်ပါတယ်။ အဆိုပါရုပ်ရှင်ကိုရိုက်ကူးမယ့်သူကတော့ အာရှလူမျိုး အမျိုးသမီးဒါရိုက်တာ Cathy Yan ဖြစ်ပြီးတော့ သူမဟာ DCEU ထဲက ပထမဦးဆုံးသော အာရှတိုက်သား ဒါရိုက်တာဖြစ်လာမှာဖြစ်ပါတယ်။


ဒီရုပ်ရှင်မှာ Suicide Squad ထဲမှာ Harley Quinn အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Margot Robbie က ဦးဆောင်ပါဝင်မှာဖြစ်ပြီးတော့ ‘Birds of Prey’ ကောမစ်ကို အခြေခံရိုက်ကူးမယ်လို့ဆိုပါတယ်။ ပြောမယ်ဆိုရင် ဒီရုပ်ရှင်ဟာ DCEU အတွက် နှစ်ရှည်လများစောင့်စားနေရတဲ့ ထွက်ပေါက် အဖြစ် ရည်ရွယ်ထားတာပါ။ DC ရဲ့ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား Critic တွေရဲ့ ပယ်ပယ်နယ်နယ်ဝေဖန်ခြင်းခံရတဲ့အပြင် စီးပွားရေးအရလည်း မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေတာပါ။

ဒီလိုအချိန်မှာ လူအများမျှော်လင့်နေတဲ့ဇာတ်ကားတစ်ခုကို ဒီလိုအမည်မသိဒါရိုက်တာလက်ထဲထည့်ရဲတာကတော့ အံ့သြစရာကောင်းသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုသွေးသစ်တွေဆီကနေ မထင်မှတ်ထားတဲ့ရှုထောင့်ကရိုက်ချက်တွေ မျှော်လင့်လို့ရနိုင်တဲ့အတွက်ဖြစ်ပါတယ်။နာမည်သာသိပ်မထွက်တာ.. Cathy Yan က ခေသူမဟုတ်ပါဘူး။

သူ့ရဲ့ပထမဦးဆုံး Debut ရုပ်ရှင် Dead Pigs ဟာ ၂၀၁၈ Sundance ရုပ်ရှင်ပွဲတော်မှာ “World Cinema – Dramatic” ဆုကိုဆွတ်ခူးရရှိခဲ့သလို Critic တွေရဲ့ လှိုက်လှိုက်လှဲလှဲချီးကျူးခြင်းကို ခံထားရပါတယ်။ အဲဒီရုပ်ရှင်ဟာ လက်ရှိအချိန်မှာ Rotten Tomatoes 100% Rating ရရှိထားတာဆိုတော့ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ကဲ.. ဒီ Harley Quinn ရုပ်ရှင်က DCEU ရဲ့ Comeback ဖြစ်လာနိုင်မလားဆိုတာကိုတော့ အချိန်ကပဲစကားပြောသွားမှာဖြစ်ပါတယ်။

 

 

Ref: Variety

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *