‘Sword Art Online’ Live Action မှာ Asuna နဲ့ Kirito ဇာတ်ကောင်တွေကို အနောက်တိုင်းသရုပ်ဆောင်တွေ သရုပ်ဆောင်မှာမဟုတ်

အာရှဖက်ကရုပ်ရှင်တွေ၊ Anime တွေကို အနောက်တိုင်းကယူရိုက်မယ်လို့ကြားတိုင်း စိတ်ထဲကနေ အင်မတန်ကြောက်မိပါတယ်။ ကြောက်မိတဲ့အပြင် နှမြောလည်း နှမြောမိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဇာတ်လမ်းထဲမှာပါဝင်သမျှ ဇာတ်ကောင်တွေအားလုံးကို Whitewash (လူဖြူသရုပ်ဆောင်တွေနဲ့အစားထိုးခြင်း) လုပ်လုပ်ပစ်တဲ့အတွက်ပါ။ Whitewash လုပ်လိုက်ရင် နဂိုဇာတ်ကောင်တွေ.. အထူးသဖြင့် အာရှဖက်ကဇာတ်ကောင်တွေဆိုရင် သူ့ရဲ့အနှစ်သာရတစ်ချို့ ပျောက်သွားတော့ ကြည့်ရတာ ပေါ့ရွှတ်ရွှတ်နဲ့ နဂိုအရသာ လုံးဝကိုပြန်မရပါဘူး။

 

အဲဒီတော့ ၂၀၁၆ တုန်းက Sword Art Online ဇာတ်လမ်းကို Live Action ယူရိုက်မယ်လို့ကြားတုန်းက “ဟာ.. သွားပါပြီကွာ” လို့တောင် အသံထွက်ပြီးရေရွတ်ခဲ့မိပါတယ်။ ဘယ်သူတွေဘာပဲပြောပြော Sword Art Online ဟာ Isekai Trend (Trapped in a Parallel World Trend) ကို အခုလို popular ဖြစ်လာအောင် စတင်ခဲ့တယ်လို့တောင်ဆိုလို့ရတဲ့ Anime တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာနဲ့ အရမ်းကိုအောင်မြင်တဲ့ Anime ဆိုရင်လည်းမမှားပါဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း တော်တော်ကိုသဘောကျခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်လမ်းလေး Live Action မှာ ရစရာမရှိပျက်သွားမှာကို တော်တော်လေးကို စိုးရွံ့မိခဲ့တာပါ။ ဒါပေမယ့် အခုတော့ အဲဒီစိုးရိမ်စိတ်လေးတွေက အနည်းငယ်ပျက်ပြယ်စပြုလာပါပြီ။

 

Sword Art Online Live Action ရဲ့ Writer/Executive Producer ဖြစ်သူ Laeta Kalogridis က Collider နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ Asuna နဲ့ Kirito ဇာတ်ကောင်တွေကို Whitewash ပြုလုပ်မှာမဟုတ်ပဲ အာရှသရုပ်ဆောင်တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Kalogridis က အောက်ပါအတိုင်းပြောကြားသွားခဲ့ပါတယ် ~

 

“ကဲ.. အရေးအကြီးဆုံးကိစ္စကို အရင်ဆုံးရှင်းလိုက်ကြရအောင်။ SAO ဟာ ဂျပန်တွေပိုင်တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Kirito နဲ့ Asuna တို့က ဂျပန်လူငယ်တွေပါ။ အဲဒီတော့ TV Series ထဲမှာ သူတို့နှစ်ယောက်ကို အာရှသရုပ်ဆောင်တွေကပဲ သရုပ်ဆောင်သွားမှာပါ။ ကျွန်မဒီ series ကို Netflix လက်ထဲထည့်လိုက်တုန်းက သူတို့ကလည်း ကျွန်မတွေးတဲ့အတိုင်းပဲ တွေးကြပါတယ်။ သူတို့ကလည်း ကျွန်မလိုပဲ ဒီ TV Series ထဲကဇာတ်ကောင်တွေကို Whitewash လုပ်ဖို့ စိတ်ကူးမရှိကြပါဘူး။ ဇာတ်လမ်းထဲမှာပါဝင်တဲ့ အချို့ဇာတ်ကောင်တွေ.. ဥပမာ Klein နဲ့ Agil တို့ဆိုရင် ဂျပန်လူမျိုးတွေမဟုတ်ကြပါဘူး.. အဲဒီတော့ သူတို့တွေအတွက် သင့်တော်တဲ့သရုပ်ဆောင်တွေထည့်သွင်းသွားမှာပါ။ ဒါပေမယ့် Kirito နဲ့ Asuna တို့ကတော့ သေချာပေါက် ဂျပန်လူမျိုးတွေ၊ အာရှအနုပညာကိုကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲ ရိုက်ကူးမှာဖြစ်ပါတယ်။ အဲဒီအချက်က အရေးအကြီးဆုံးပါပဲ။”

 

ဒီလိုလေးတွေကြားရတော့ နည်းနည်းတော့ ကျေနပ်မိသွားပါတယ်။ အနောက်တိုင်းရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အမြင်တွေ ပြောင်းလဲလာတာကိုလည်း ဝမ်းသာမိပါတယ်။ ပြီးတော့ ဒီ TV Series ကိုဖန်တီးနေသူတွေကလည်း နှယ်နှယ်ရရတွေမဟုတ်တော့ အရည်အသွေးပိုင်းကို စိတ်ချလို့ရမယ်လို့လည်း မျှော်လင့်ချင်ပါတယ်။ Writer/Executive Producer ဖြစ်တဲ့ Laeta Kalogridis ဟာဆိုရင် ဒီနောက်ပိုင်းနာမည်ထွက်လာတဲ့ Altered Carbon TV Series ကိုဖန်တီးခဲ့သူဖြစ်ပါတယ်။ ပြီးတော့ Friday Night Lights မှာ Executive Producer အဖြစ်ပါဝင်ခဲ့တဲ့ Patrick Massett နဲ့ John Zinman တို့က Showrunner အဖြစ်တာဝန်ယူထားကြတာ ဖြစ်ပါတယ်။

 

Sword Art Online Live Action နဲ့ပတ်သက်တဲ့သတင်းတွေ ထပ်မံရရှိခဲ့ရင်လည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။ လောလောဆယ်တော့ ဒီဆောင်းပါးမှာဖော်ပြထားတဲ့အကြောင်းအရာကို ဘယ်လိုမြင်ကြပါသလဲ.. ဒုံရင်းဒုံရင်းလို့ပဲမြင်သလား.. ပိုကောင်းလာမယ်လို့မြင်သလား.. မိတ်ဆွေတို့ရဲ့အမြင်ကို comment box မှာချန်ထားခဲ့ကြပါလို့…

 

Ref: Collider

Leave a Reply

Your email address will not be published. Required fields are marked *