အိန္ဒိယရုပ်ရှင်နှစ်ကား ရုံအပြိုင်တင်မယ့် ဇွန်လ ၁၅ ရက်

လာမယ့် ဇွန်လ ၁၅ ရက်မှာတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေရွေးချယ်ရခက်စေမယ့် ရက်သတ္တပတ်ဖြစ်လာဦးမှာပါ။ ဘာကြောင့်လည်းဆိုရင် နာမည်ကြီးအိန္ဒိယရုပ်ရှင်ကားနှစ်ကားကို JCGV နဲ့ မင်္ဂလာရုပ်ရှင်ရုံတွေမှာ အပြိုင်ပြသတော့မှာကြောင့်ဖြစ်ပါတယ်။ မင်္ဂလာရုပ်ရှင်ရုံကတော့ နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းရဲ့ ရုပ်ရှင် Race 3 ကားကို အိန္ဒိယရုပ်ရှင်ရုံတင်ရက်နဲ့ တစ်ပြိုင်တည်းပြသပေးမှာဆိုတော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးလည်း ဖြစ်နေပြန်ပါတယ်။ ဒီရုပ်ရှင်ဟာ ယခင်ကထွက်ရှိဘူးတဲ့ Race ရုပ်ရှင်ကားတွေရဲ့ အဆက်ဖြစ်တဲ့အပြင် ဒိတ်ဒိတ်ကြဲ ဘောလိဝုဒ်စတားတွေဖြစ်ကြတဲ့ ဆယ်လ်မန်ခန်း၊ အနီးလ်ကူမား၊ ဘော်ဘီဒူးလ်၊ ဂျက်ကလင်း အစရှိသူတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ လှည့်ကွက်တွေများစွာပါဝင်တဲ့ ဒီရာဇဝတ်မှုနောက်ခံဟာသ၊ အက်ရှင်ရုပ်ရှင်ကို ထုတ်လုပ်သူတွေက ဒီဇာတ်လမ်းရဲ့ လှည့်ကွက်တွေက များလွန်းလို့ ဘယ်သူကလူဆိုးလား၊ လူကောင်းလားဆိုတာကို မခန့်မှန်းပါနဲ့ လူတိုင်းက မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်းလဲသွားနိုင်တယ်လို့ ကြော်ငြာထားတာစိတ်ဝင်စားစရာပါပဲ။ ဒီ Race 3 ရုပ်ရှင်ဟာ မထွက်ရှိခင်ကတည်းက အိန္ဒိယမှာ အတော်လေးလူပြောများတဲ့ ရုပ်ရှင်ဖြစ်သတဲ့။

JCGV မှာရုံတင်မယ့် နောက်ထပ်တစ်ကားကတော့ အိန္ဒိယနိုင်ငံမှာ သြဇာကြီးတဲ့ တမီးလ်ရုပ်ရှင်လောက ကနေထုတ်လုပ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားဖြစ်ပါတယ်။ Kaala ဆိုတဲ့ဒီဇာတ်လမ်းမှာတော့ မင်းသားမင်းသမီးငယ်ငယ်ချောချောလေးတွေမပါဝင်ပဲ အမျိုးသားကြီးတစ်ဦးက အဓိက ဇာတ်လိုက်ဖြစ်ပါတယ်။ (သရုပ်ဆောင်မင်းသားကြီး Rajinikanth ဟာ အသက်ကြီးသည်ထိ အောင်မြင်နေတဲ့တမီးလ်ရဲ့လျှမ်းလျှမ်းတောက်မင်းသားကြီး ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ကျော်ဟိန်းလိုပေါ့။) ဇာတ်လမ်းအကျဉ်းကတော့ Kaala ဆိုသူ နေထိုင်တဲ့ အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်လေးကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အာဏာပိုင်တွေနဲ့ပေါင်းကာ သိမ်းဆည်းဖို့ ကြံပါတော့တယ်။ Kaala ဟာ သူ့ရပ်ကွက်လေးရဲ့ အကျိုးအတွက် အသက်ကိုတောင် ပဓာနမထားပဲ အာဏာပိုင်နဲ့ လုပ်ငန်းရှင်တို့ကို ဆန့်ကျင်မှုလုပ်တဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ အိန္ဒိယမှာ ရုံတင်ပြီးပြီးဖြစ်တာကြောင့် အောင်မြင်မှုတွေလည်း များစွာရခဲ့ပါတယ်။

ဒါတွေကတော့ ဇွန်လ ၁၅ရက်နေ့ကနေ စတင်ရုံတင်သွားမယ့် အိန္ဒိယရုပ်ရှင်ကားတွေဖြစ်ပါတယ်။ နှစ်ကားစလုံးက နာမည်ကြီးကားတွေမို့ လက်မလွတ်ရအောင် သတင်းပေးလိုက်တယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *