ဘဝရဲ့ အဓိပ္ပါယ်တွေကို သေချာပေါက် သိစေမယ့် Brad’s Status

သူငယ်ချင်းတွေ မိတ်ဆွေတွေရဲ့ကြားမှာ တစ်ယောက်အကြောင်းကို တစ်ယောက်က အတွင်းကျကျ သေသေချာချာ မသိနိုင်ကြပါဘူး။ များသောအားဖြင့် အပေါ်ယံအလွှာတွေကိုသာ အထင်အမြင်တွေနဲ့ သိနိုင်ကြပြီး အကဲခတ်၊ အကဲဖြတ်ရင်း ဆက်ဆံကြရတာမျိုးပဲ ဖြစ်ပါတယ်။

 

Brad ဟာ သာမာန်လူလတ်တန်းစား ဘဝလေးမှာ ဇနီးသည် Malanie, ဆယ်ကျော်သက်အရွယ် တစ်ဦးတည်းသောသား Troy တို့နဲ့အတူ မထင်မရှားနဲ့နေထိုင်ရင်း ကိုယ့်ဘဝကိုယ် ကျေနပ်နေခဲ့တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွဲကွာနေတာ ကြာပြီဖြစ်တဲ့ Carig, Billy, Jason, Nick ဆိုတဲ့ သူ့သူငယ်ချင်းဟောင်း ၄ ယောက်ရဲ့ သတင်းတွေကို ကြားပြီးတဲ့အခါမှာတော့ Brad ဟာ ကိုယ့်ဘဝကိုယ် ကျေနပ်မနေနိုင်တော့ပါဘူး။

 

ပြောရမယ်ဆိုရင်တော့ Carig ဟာ အိမ်ဖြူတော်မှာ အလုပ်လုပ်နေပြီး အောင်မြင်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်နေခဲ့သလို၊ Nick ကလည်း ဟောလီးဝုဒ်က နာမည်ကျော် ဒါရိုက်တာ၊ Billy နဲ့ Jason တို့ကလည်း မြေတွေ၊ ကုမ္ပဏီတွေ ပိုင်ဆိုင်နေခဲ့ကြပြီဖြစ်တဲ့ ဂရိတ်တွေ ဖြစ်နေခဲ့ကြတာမို့ပဲ ဖြစ်ပါတယ်။

 

သူငယ်ချင်းတွေရဲ့ အောင်မြင်မှု သတင်းတွေကိုကြားပြီးတဲ့နောက် ကိုယ့်ဘဝကိုယ် မကျေမနပ်ဖြစ်နေခဲ့ရတဲ့ Brad ကို သူ့ဇနီးသည်ဖြစ်တဲ့ Malanie က အတတ်နိုင်ဆုံး ဖျောင်းဖျခဲ့ပါတယ်။ ဒါပေမဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြန်လုပ်ဖို့ သိပ်စိတ်အားထက်သန်နေခဲ့တဲ့ Brad ရဲ့ အခြေအနေကတော့ လုံးဝတားလို့ မရတော့ပါဘူး။ အဲဒီမှာ Brad ဟာ Harvard တက္ကသိုလ်ကို တက်ချင်နေတဲ့ သားဖြစ်သူ Troy နဲ့အတူ ကျောင်းကိုလိုက်သွားခဲ့ပါတော့တယ်။

 

အဲဒီနောက်မှာတော့ Brad ဟာ သူ့သားနဲ့ တစ်နွယ်ငင် တစ်စင်ပါဆိုသလို ပတ်သတ်ပြီး သူ့သူငယ်ချင်းဟောင်းတွေရဲ့ အကြောင်းကို တစ်စွန်းတစ်စ ကြားလာရပြန်တယ်။ အဲဒီအခါမှာ ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းဟာ တကယ်ပဲ ကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့ မကြည့်ရသေးတဲ့ ရုပ်ရှင်ချစ်သူတွေ အရသာပျက်မှာစိုးလို့ ဆက်ရေးမပြတော့ပါဘူး။

 

Brad’s Status ဇာတ်ကားလေးကို ဒါရိုက်တာ Mike White က ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ Ben Stiller, Austin Abrams, Jenna Fischer, Luke Wilson, Michael Sheen တို့တွေပဲ ဖြစ်ကြပါတယ်။

 

Amazon Studios ကနေ ဖြန့်ချိခဲ့တဲ့ Brad’s Status ဇာတ်ကားလေးဟာ ပြသချိန် ၁၀၁ မိနစ် ကြာမြင့်ပါတယ်။ ပြီးတော့၂၀၁၇ စက်တင်ဘာလ ၁၅ ရက်နေ့က ထွက်ရှိထားပြီးသား ဇာတ်ကားလေးတစ်ကား ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒါကြောင့် အဓိပ္ပါယ်ရှိတဲ့ ဒရာမာဇာတ်ကားတွေကို ကြိုက်နှစ်သက်တတ်တဲ့ ရုပ်ရှင်ချစ်သူတွေအနေနဲ့ (မကြည့်ရသေးရင်) ရှာဖွေကြည့်နိုင်အောင်လို့ အသိပေးချင်တဲ့ဆန္ဒနဲ့ ရေးသားလိုက်ရပါတယ်။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *