နောက်ဆုံးတော့ ဒါရိုက်တာရသွားပြီလို့ဆိုနိုင်တဲ့ ‘Call of Duty’ ရုပ်ရှင်

Activision Blizzard ရဲ့ Call of Duty ရုပ်ရှင်ကိစ္စက အလုံးအထည်ပေါ်လာပြီလို့ ဆိုရမှာပါ။ အခုဆိုရင် Activision Blizzard Studios ဟာ အဲဒီရုပ်ရှင်အတွက် ဒါရိုက်တာစတင်ရှာဖွေနေပြီ ဖြစ်ပါတယ်။ Variety ရဲ့ပြောဆိုချက်အရဆိုရင် Activision Blizzard Studios ဟာ လက်ရှိအချိန်မှာ Sicario 2: Soldado ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်တဲ့ Stefano Sollima နဲ့ စတင်ညှိနှိုင်းနေပြီလို့ သိရပါတယ်။

 

Activision Blizzard Studios ရဲ့ ဥက္ကဌတွေဖြစ်ကြတဲ့ Stacey Sher နဲ့ Nick van Dyk, Activision Blizzard ကုမ္ပဏီရဲ့ Chief Executive ဖြစ်သူ Bobby Kotick တို့က ဒီရုပ်ရှင် project ကို ဦးဆောင်ကိုင်တွယ်နေတာဖြစ်ပါတယ်။ လောလောဆယ်အချိန်မှာတော့ ဒါရိုက်တာရှာဆဲအဆင့်ပဲရှိသေးပြီး ဇာတ်ညွှန်းရေးသူ၊ ဖြန့်ချိသူ စတာတွေမရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ကို ဘယ်လိုဇာတ်အိမ်တည်မယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ သူတို့ဖက်က ထုတ်ဖော်ပြောကြားထားတာ တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ Call of Duty ရုပ်ရှင်ကို Marvel ရဲ့ MCU, DC ရဲ့ DCEU တို့လို့မျိုး “Call of Duty Cinematic Universe” အဖြစ် ဖန်တီးသွားမှာဖြစ်ပါတယ်။

 

ဗီဒီယိုဂိမ်းကိုအခြေခံပြီးရိုက်ကူးတဲ့ရုပ်ရှင်တွေဟာ မကောင်းတာများပါတယ်.. အဆုံးစွန်ထိပြောရရင် အရမ်းကောင်းပါတယ်လို့ညွှန်းလို့ရတဲ့ရုပ်ရှင် ရှိကိုမရှိသေးတာပါ။ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ Warcraft ရုပ်ရှင်ဟာ ဗီဒီယိုဂိမ်းအခြေခံရုပ်ရှင်တွေထဲမှာ တော်တော်အောင်မြင်ခဲ့တယ်လို့ပြောလို့ရပေမယ့် စီးပွားရေးအရသာ အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ Cinematic value မရှိပဲ အဲဒီဂိမ်းရဲ့ fan တွေအတွက်သာ ကြည့်ရှုရအဆင်ပြေခဲ့ပါတယ်။ အခု Call of Duty ဟာ gamer တွေရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ရုပ်ရှင်တစ်ခုဖြစ်လာမလားဆိုတာကိုတော့ အချိန်ကအဖြေပေးမှာပဲဖြစ်ပါတယ်။

 

Ref: Variety

Leave a Reply

Your email address will not be published. Required fields are marked *