KTV အလှမယ်များရဲ့ ဘဝကို ရိုက်ကူးပုံဖော်ထားတဲ့ ချူဆီ

အခု စက်တင်ဘာလအတွင်းရုံတင်မယ့်မြန်မာဇာတ်ကားတွေထဲမှာ အိုင်ဒီယာဆန်းဆန်း၊ နာမည်ဆန်းဆန်းနဲ့ မြန်မာရုပ်ရှင်ကားတစ်ကားရုံတင်တော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ နာမည်ကတော့ ချူဆီရယ်လို့ ဖြစ်ပြီး အကယ်ဒမီမင်းသားချော မင်းဦးက ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်မယ့်သရုပ်ဆောင်တွေကတော့ Presenter အဖြစ် လူကြိုက်များပြီး ပရိသတ်အခိုင်အမာရရှိလာတဲ့ မင်းသားချော ကျော်ထက်အောင် နဲ့ မင်းသမီးချောတွေဖြစ်ကြတဲ့ အကယ်ဒမီ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ မေ၊ နန်းဆုဦး တို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။

 

အားလုံးရဲ့ ဇာတ်ကောင်စရိုက်တွေကလည်း ချူဆီရုပ်ရှင်ထဲမှာတော့ ခပ်ဆန်းဆန်းပါပဲ။ ကေတီဗွီတစ်ခုရဲ့ မန်နေဂျာ လင်ဦးမောင် အဖြစ် ကျော်ထက်အောင်က သရုပ်ဆောင်ထားတာဖြစ်ပြီး ကေတီဗွီ အလှမယ်မင်းသမီးချောတွေကို စီမံအုပ်ချုပ်ရသူလည်း ဖြစ်ပါတယ်။ ကေတီဗွီရဲ့ ပိုင်ရှင်မမကြီး မမနန်းအဖြစ်တော့ ဝါရင့်သရုပ်ဆောင် စိုးမိုးကြည်က ပါဝင်သရုပ်ဆောင်ထားပါတယ်။

မင်းသမီးတစ်ယောက်ချင်းစီရဲ့ ဇာတ်ကောင်စရိုက်တွေကတော့ ရိုးအတဲ့ တောသူမလေးဘဝကနေ ကေတီဗွီမယ်လေးဖြစ်သွားသူ၊ ဂျာကြီးရဲ့ကြင်နာမှုကိုရရှိသူလေး မြကလေး ခေါ် မြတ်လေး အဖြစ် အိချောပို၊ ကေတီဗွီအလှမယ်တွေထဲမှာ စီနီယာကျသူမမ စောကေသီအဖြစ် မယ်လိုဒီ၊ မလည်ရှုပ်မလေး အဖြစ် အေးမြတ်သူတို့က သရုပ်ဆောင်ထားသလို ကေတီဗွီအလှမယ်ဘဝကို အသစ်စက်စက်ရောက်လာသူလေးတွေအဖြစ် အက်စ်သာ (မေ) နဲ့ ထိုက်ထိုက် (နန်းစုဦး) တို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။

 

ဒီလောကမှာ ဆရာကျနေပြီဖြစ်တဲ့ မမတွေက အသစ်လေးတွေကို ဆက်ဆံပုံက အစ အိတ်ကပ်ထဲက ငွေကို ချူနည်းအဆုံးသင်ပေးပုံကို မြင်ရမှာဖြစ်ပြီး ကေတီဗွီအလှမယ်တွေရဲ့ဘဝဇာတ်ကြောင်းအစုံအလင်ကို ရယ်မောဖွယ် သနားဖွယ်အစုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဂျာကြီးဖြစ်သူ လင်းဦးမောင်ကတော့ ကေတီဗွီဆိုင်ရဲ့ အမှုပေါင်းစုံလူပေါင်းစုံကိုတာဝန်ယူဖြေရှင်းပေးရသူအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

 

စုမောင်မောင်ရဲ့ဇာတ်လမ်းကို မိုးနီလွင်ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာအကယ်ဒမီမင်းဦးရဲ့ ပွဲဦးထွက်ရိုက်ကူးထားတဲ့ ချူဆီဆိုတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့်သောကြာနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူပရိသတ်တွေ သွားရောက်ကြည့်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါရစေနော်။

 

Leave a Reply

Your email address will not be published. Required fields are marked *