Daniel Radcliffe ကို ဆေးမှောင်ခိုသမားအဖြစ်မြင်ရမယ့် ‘Beast of Burden’ Trailer

ဒီနောက်ပိုင်းမှာ ဇာတ်ရုပ်မျိုးစုံကိုသရုပ်ဆောင်ပြနေတဲ့ ကိုယ်တွေရဲ့ Harry Potter မင်းသားလေး Daniel Radcliffe ကို ‘Beast of Burden’ ဇာတ်ကားမှာ ဆေးမှောင်ခိုသမားတစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာပါ။

 

ဒီဇာတ်ကားထဲမှာ Radcliffe ဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကိုဖြတ်ကျော်ပြီးတော့ ကိုကိန်းတွေမှောင်ခိုသယ်ပေးရမယ့် လေယာဉ်ပိုင်းလော့ Sean Haggerty အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူ့မှာ အဲဒီကိုကိန်းတွေကိုသယ်ထုတ်ဖို့ အချိန် ၁ နာရီပဲရရှိပါတယ်။ အဲဒီအချိန်တစ်နာရီအတွင်းမှာ ဆေးတွေမှောင်ခိုသယ်ချင်တဲ့လူဆိုးအဖွဲ့ကဖိအားပေးတာ၊ လူသတ်သမားတွေကအနောက်ကနေ တကောက်ကောက်လိုက်တာတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Radcliffe က တစ်ဖက်လှည့်နဲ့ ရဲတပ်ဖွဲ့တွေနဲ့ပူးပေါင်းထားပါသေးတယ်။ သူ့အနေနဲ့ ဒါတွေအားလုံးကို စိတ်ဆင်းရဲခံပြီးလုပ်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းရှိပါတယ်.. အဲဒါကတော့ သူ့ရဲ့နာမကျန်းဖြစ်နေတဲ့ဇနီးသည်ကို ဆေးကုသပေးလိုတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်တစ်နာရီအတွင်းမှာ အဖက်ဖက်ကပေးလာတဲ့ဖိအားတွေကိုရင်ဆိုင်ပြီး အမှန်ကန်ဆုံးထင်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ရွေးချယ်ချမှတ်ရမှာဖြစ်ပါတယ်။

 

Harry Potter ဇာတ်ကားပြီးနောက် Radcliffe သရုပ်ဆောင်တဲ့ဇာတ်ရုပ်တွေဟာ ထူးထူးခြားခြားလေးတွေမို့ သူ့ဇာတ်ကားအသစ်ဆိုရင် အမြဲလိုလိုစိတ်ဝင်တစားစောင့်ကြည့်ဖြစ်ပါတယ်။ အခု ‘Beast of Burden’ ထဲကဇာတ်ရုပ်ဟာ မှောင်မှောင်မည်းမည်း လေယာဉ်ခေါင်းခန်းထဲမှာပဲ ထိုင်နေရမယ့်ဇာတ်ရုပ်ဖြစ်တဲ့အတွက် အဲဒီလိုဇာတ်ရုပ်မျိုးကို Radcliffe က ဘယ်လိုသရုပ်ဆောင်အသက်သွင်းမလဲဆိုတာ အနည်းနဲ့အများတော့သိချင်မိပါတယ်။ စိတ်ဝင်စားတဲ့သူတွေကတော့ အများကြီးစောင့်စရာမလိုတော့ပါဘူး.. ‘Beast of Burden’ ကို လာမယ့်ဖေဖော်ဝါရီ ၂၃ ရက်နေ့ကျရင် စတင်ပြသသွားမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *