တကယ်အသက်ဝင် လှုပ်ရှားလာတာ မြင်ရမယ့် ဆင်ကလေး Dumbo

နယ်လှည့်ကပြနေတဲ့ ဆပ်ကပ်အဖွဲ့ကြီးတစ်ခုထဲက ချစ်စရာကောင်းတဲ့ ဆင်ကလေး Dumbo ရဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံ ဇာတ်လမ်းလေးတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးဟာ ၁၉၄၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းကတော့ ကာတွန်းကားလေး အဖြစ်နဲ့ပေါ့။ ဒါကြောင့် နားရွက်လေး တဖားဖားနဲ့ ချစ်စရာ သိပ်ကောင်းတဲ့ ဆင်ကလေး Dumbo ကိုလည်း ကာတွန်းရုပ်လေးအဖြစ်နဲ့သာ တွေ့ခဲ့ကြရတာပါ။

 

အဲဒီနောက်ပိုင်း ကာလတွေမှာတော့ Dumbo လေးဟာ ကာတွန်းဇာတ်ကောင်လေးအဖြစ်နဲ့ ၇၅ နှစ် ကျော်ကျော်ကြာအောင် နေခဲ့ရပါတယ်။ အဲ… ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲမှာတော့ Dumbo လေးဟာ တကယ်ပဲ အသက်ဝင် လှုပ်ရှားလာတော့မယ်ဆိုတဲ့ သတင်းလေးတွေဟာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ မတ်လထဲရောက်လာတဲ့ အခါမှာတော့ ဒါရိုက်တာ Tim Burton က Dumbo လေးကို တကယ်ပဲ အသက်သွင်းတော့မယ်ဆိုတဲ့ သတင်းလေးတစ်ခုက တရားဝင်ပဲ ထွက်ပေါ်လာခဲ့ပါတယ်။

 

 

ပြီးတော့ ဟောလီးဝုဒ်က နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Colin Farrell, Michael Keaton, Danny DeVito, Eva Green, Alan Arkin နဲ့ တခြားသရုပ်ဆောင်တွေ ပါ၀င်ကြဖို့အတွက် စာချုပ်တွေ ဘာတွေ ချုပ်ပြီးသွားကြတဲ့နောက် ၂၀၁၇ ဇူလိုင်လထဲမှာစပြီး Dumbo လေးကို အသက်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ သွားရောက် ရိုက်ကူးခဲ့တဲ့ နေရာတွေကတော့ အင်္ဂလန်နိုင်ငံတစ်ဝှမ်းမှာပဲ ဖြစ်ပါတယ်တဲ့။

 

Dumbo လေးကို အခုလို တကယ့်သက်ရှိတွေနဲ့ အသစ်ပြန်လည် ရိုက်ကူးပြီး အသက်သွင်းနေပေမယ့်လည်း ဇာတ်ကားနာမည်နဲ့ ဇာတ်လမ်းကတော့ ၁၉၄၁ ခုနှစ်တုန်းက ဇာတ်ကားနာမည်ပဲ ဖြစ်ပြီး ဇာတ်လမ်းကလည်း အဟောင်းလေးကိုပဲ အခြေခံထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ Dumbo ဇာတ်ကားသစ်လေးကို ထုတ်လုပ်ဖြန့်ချိတဲ့ ကုမ္ပဏီကလည်း (Dumbo ကာတွန်းဇာတ်ကား အဟောင်းလေးကို ထုတ်လုပ်ဖြန့်ချိခဲ့တဲ့) ကမ္ဘာတစ်ဝှမ်းက ကလေးပရိသတ်တွေရဲ့ အသည်းစွဲဖြစ်တဲ့ Walt Disney ကုမ္ပဏီကပဲ ဖြစ်ပါတယ်။

 

 

နိုဝင်ဘာလ ၁၄ ရက်နေ့တုန်းကတော့ တကယ် သက်ဝင်လှုပ်ရှားလာပြီဖြစ်တဲ့ Dumbo လေးရဲ့ လှုပ်ရှားမှုဟန်ပန်လေးတွေကို အသစ်ထွက်လာတဲ့ နမူနာလေးတွေထဲမှာ ထပ်တွေ့လိုက်ရပြန်ပါတယ်။ ပြီးတော့ အသစ်ထွက်လာတဲ့ ပိုစတာလေးထဲမှာတွင်မကဘဲ ရုပ်ရှင်ရဲ့ နမူနာလေးထဲမှာပါ နားရွက်လေး တဖားဖားနဲ့ လေပေါ်မှာပျံနေတဲ့ Dumbo လေးရဲ့ ချစ်စရာဟန်ပန်လေးတွေကိုလည်း အံ့သြစရာအဖြစ် မြင်လိုက်ရပါသေးတယ်။

 

အဲဒီမြင်ကွင်းလေးတွေဟာ Dumbo ဇာတ်ကားသစ်လေးကို ကြည့်ချင်လာအောင်လို့ တကယ့်ကိုပဲ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ကားလေးကတော့ လောလောဆယ်မှာ လုံးဝ လုံးဝ ထွက်လာဦးမှာ မဟုတ်သေးပါဘူး။ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ကျမှ စတင်ပြီး ရုံတင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတော့ မကြာမီ လာမည်… မျှော်… ဆိုသလိုပေါ့လေ။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *