‘Die Hard’ Remake လို့အပြောခံနေရတဲ့ Dwayne Johnson ရဲ့ ဇာတ်ကားအသစ် ‘Skyscraper’

Universal Pictures က Super Bowl ပွဲမှာ မင်းသားကြီး Dwayne Johnson (The Rock) ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားအသစ် Skyscraper ရဲ့ ပထမဦးဆုံး trailer ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Johnson ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အက်ရှင်ခန်းတွေနဲ့ပြည့်နေတဲ့ ဒီ trailer က ကြည့်ရတာတော့ အရသာရှိချက်ပါပဲ။ ဒါပေမယ့် ပြဿနာတစ်ခုရှိနေပါတယ်.. အဲဒါကတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေက Skyscraper ကို ၁၉၈၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Die Hard ရုပ်ရှင်ရဲ့ remake ဆိုပြီး နှိုင်းယှဉ်ပြောဆိုနေကြတာပါ။ ဘယ်လိုတွေကြောင့်များလည်း.. ကြည့်လိုက်ကြရအောင်ပါ။

 

Johnson က ဒီဇာတ်ကားထဲမှာ ခြေထာက်တစ်ဖက်မသန်စွမ်းတဲ့ FBI အဖွဲ့ဝင်ဟောင်း Will Sawyer အဖြစ်သရုပ်ဆောင်ထားပါတယ်။ Sawyer ဟာ သူ့ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီးနောက် FBI အဖွဲ့ကနေအနားယူလိုက်ပြီး မိုးမျှော်တိုက်ကြီးတွေရဲ့ လုံခြုံရေးတွေကို စစ်ဆေးကြည့်ရှုပေးရတဲ့အလုပ် လုပ်ကိုင်နေပါတယ်။ တစ်ရက်မှာတော့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံကြီး “The Pearl” ကို သွားရောက်စစ်ဆေးပေးရဖို့ အကြောင်းဖန်လာပါတယ်။ ကံဆိုးချင်တော့ ကမ္ဘာ့အမြင့်ဆုံးနဲ့အလုံခြုံဆုံးလို့ဆိုထားတဲ့ အဲဒီအဆောက်အအုံကြီးက မီးထလောင်ပြီး Sawyer က တရားခံအဖြစ် လွှဲချခြင်းခံလိုက်ရပါတယ်။ သူ့အနေနဲ့ မီးရှို့သွားတဲ့တရားခံကိုရှာဖွေရမယ့်အပြင် မီးလောင်နေတဲ့အထပ်အပေါ်မှာ ပိတ်မိနေတဲ့ သူ့ရဲ့မိသားစုကိုလည်း ကယ်တင်ဖို့ကြိုးစားရပါဦးမှာ ဖြစ်ပါတယ်။

 

လောလောဆယ်သိရသလောက် ဇာတ်လမ်းအကျဉ်းကတော့ အပေါ်မှာဖော်ပြခဲ့သလောက်ပါပဲ။ ဖြစ်ချင်တော့ ဒီဇာတ်လမ်းဟာ Die Hard ရုပ်ရှင်ထဲမှာ John McClane (Bruce Willis) ရဲ့ သူ့မိသားစုကို လူဆိုးလက်ထဲကကယ်တင်တဲ့ တစ်ကိုယ်တော်စွန့်စားခန်းနဲ့ သွားတူနေပါတယ်။ Die Hard ဟာ classic action film လို့တောင်ပြောလို့ရတဲ့ဇာတ်ကားတစ်ခုဆိုတော့ သူ့ကိုမှီငြမ်းထားတဲ့ အက်ရှင်ဇာတ်ကားတွေဆိုတာ မနည်းမနောပါပဲ။ ဒါပေမယ့် တိုက်ထဲမှာပိတ်မိနေတဲ့ မိသားစုကိုကယ်တင်မယ်ဆိုတဲ့ plot ကြောင့် Die Hard remake ရယ်လို့ နှိုင်းယှဉ်ပြောဆိုခံနေရတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး.. အချို့ fan တွေက Skyscraper ကို ၁၉၇၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Towering Inferno နဲ့ပါ နှိုင်းယှဉ်နေကြပါသေးတယ်.. ထုံးစံအတိုင်း plot ဆင်တူတဲ့အတွက်ဖြစ်ပါတယ်။

 

အဲဒါတွေကြောင့် Skyscraper က မကောင်းတော့ဘူးလား… ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ ဘယ်လောက်ပဲ cliche တွေများနေတယ်ဆိုပေမယ့် အလန်းစားအက်ရှင်ခန်းတွေကိုကြည့်ရမယ်ဆိုတာက သေချာနေတဲ့အတွက်ပါ။ Dwayne Johnson ရဲ့ fan တွေအတွက်ကတော့ အထူးတလည်တောင် စဉ်းစားနေစရာမလိုပါဘူး။ ကျွန်တော်ကတော့ လုံးဝ ‘Must See’ မဟုတ်ရင်တောင် အခွင့်ကြုံရင်ကြည့်မယ့်စာရင်းထဲတော့ ထည့်သွင်းထားမှာဖြစ်ပါတယ်။

 

Skyscraper ကို ဇူလိုင် ၁၃ ရက်နေ့ကျရင် စတင်ပြသသွားမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *