Obi-Wan Kenobi အဖြစ် ပြန်လည်သရုပ်ဆောင်လိုတယ်လို့ ပြောကြားလိုက်တဲ့ Ewan McGregor

Star Wars Prequel Trilogy မှာ Obi-Wan Kenobi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသား Ewan McGregor က သူ့အနေနဲ့ Obi-Wan အဖြစ် ပြန်လည်သရုပ်ဆောင်ဖို့အခွင့်အလမ်းကြုံလာရင် သရုပ်ဆောင်လိုပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ယမန်နေ့ကပြုလုပ်ခဲ့တဲ့ ၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Fargo ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံးဇာတ်ဆောင်ဆုကိုရရှိသွားပြီးတဲ့နောက် သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ အထက်ပါအတိုင်းပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

Disney နဲ့ Lucasfilm တို့ဟာ Star Wars spin-off ဇာတ်လမ်းတွဲတွေကိုဆက်တိုက်ဖန်တီးသွားမယ်လို့သတင်းထွက်နေပြီး Obi-Wan ဇာတ်ကားဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ title တစ်ခုအဖြစ် ကောလဟာလထွက်နေတာကြာပါပြီ။ ဒါပေမယ့် မကြာသေးမီကထွက်ပေါ်လာတဲ့ McGregor ရဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ပုံက ဒီကောလဟာလမီးကို ပိုမိုတောက်လောင်သွားစေခဲ့ပါတယ်။ အဲဒီပုံထဲမှာ McGregor ကို Obi-Wan ဇာတ်ကောင်ရဲ့ပါးသိုင်းမွေးဒီဇိုင်းနဲ့မြင်တွေ့ရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီတော့ ပရိသတ်တွေက McGregor ဟာ ကောလဟာလထွက်နေတဲ့ Obi-Wan ရုပ်ရှင်အတွက် ပြင်ဆင်နေတာများလားဆိုပြီး သို့လောသို့လောဖြစ်သွားကြပါတယ်။

ဒါကြောင့် ရွေကမ္ဘာလုံးဆုပေးပွဲမှာ သတင်းမီဒီယာတွေက McGregor ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ကြပါတယ်။ အဲဒီအင်တာဗျူးမှာ McGregor က Obi-Wan ဇာတ်ကားအကြောင်းဟာ စကားပြောဆိုကြတဲ့အဆင့်ပဲရှိသေးပြီး ဘာမှရေရေရာရာမရှိသေးပါဘူးလို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဒီ project အကြောင်းကို သူသူငါငါထက်ပိုမသိကြောင်းလည်း ထပ်ဆောင်းပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် အခွင့်ရခဲ့ရင်တော့ Obi-Wan အဖြစ်သရုပ်ဆောင်လိုသေးတယ်လို့ဖြေကြားသွားပါတယ်။

ကမ္ဘာတစ်ဝန်းက Star Wars ပရိသတ်တွေကတော့ McGregor ကို Obi-Wan အဖြစ်ပြန်လည်မြင်တွေ့လိုကြပါတယ်။ Golden Globes က အင်တာဗျူးကိုမြင်တွေ့ပြီးတဲ့နောက် Obi-Wan ပရိသတ်တွေ social media တွေမှာထကြွသောင်းကျန်းနေကြတာကို မြင်တွေ့ရမှာပါ။ အဲဒီလောက် ပရိသတ်မေတ္တာကိုရရှိနေတဲ့အတွက် တကယ်တမ်းသာ Obi-Wan ရုပ်ရှင်အကောင်အထည်ပေါ်လာမယ်ဆိုရင် McGregor ကို သူ့ရဲ့လက်စွဲတော် Light Saber နဲ့အတူ ပြန်လည်မြင်တွေ့ရနိုင်ခြေများပါတယ်။

Ref: Hollywood Reporter

Leave a Reply

Your email address will not be published. Required fields are marked *