ရယ်လည်းရယ်ရမယ် ရင်ဖိုစွာလည်းကြည့်ရမယ့် ‘Game Night’ ရဲ့ Trailer အသစ်

လျှို့ဝှက်သည်းဖို.. ဟာသ.. အက်ရှင်.. ဒီဇာတ်ကားရဲ့အမျိုးအစားကိုဖတ်ကြည့်လိုက်ရုံနဲ့တင် တော်တော်လေးစိတ်ဝင်စားမိသွားပါတယ်။ အထူးသဖြင့် Thriller Comedy ကားကောင်းကောင်းက မကြည့်ရတာကြာပြီဆိုတော့လေ။

 

ဒီကားမှာ အချင်းချင်းပြိုင်ဆိုင်ရတာဝါသနာပါတဲ့ သူငယ်ချင်းတစ်စုက တစ်ညမှာတော့ Murder Mystery တစ်ခုဆော့ကစားဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီဂိမ်းမှာ လူဆိုးအတုတွေရော ရဲအတုတွေတွေပါ အစုံအလင်ပါဝင်ပါတယ်။ ဒီလိုနဲ့ ညကလည်းတဖြည်းဖြည်းနက်လာသလို သူတို့ရဲ့ Murder Mystery ဂိမ်းလေးကလည်း အပျော်သဘောကနေ တဖြည်းဖြည်းလက်တွေ့ဆန်လာပါတယ်။ နာရီလက်တံ တစ်ထစ်ချင်းရွှေ့သွားတာနဲ့အမျှ သူတို့မထင်မှတ်ထားတာတွေကို ရှာဖွေသိရှိလာရပါတော့တယ်။ ဒီဂိမ်းလေးပြီးဆုံးသွားချိန်မှာ ဘာတွေဖြစ်သွားမှာလဲ.. သူတို့တွေ အမှန်အကန်ပျော်ရမှာလား.. ဒါမှမဟုတ် အဆိုးဆုံးအခြေအနေတစ်ခုနဲ့ရင်ဆိုင်ရမှာလား။

 

ဒီရုပ်ရှင်ကို Jason Bateman (Horrible Bossess) နဲ့ Rachel McAdams (Spotlight, Sherlock Holmes) တို့က ဦးဆောင်ပါဝင်ထားကြပြီး John Francis Daley နဲ့ Jonathan Goldstein (Vacation ဇာတ်ကားဒါရိုက်တာနဲ့ Horrible Bosses ဇာတ်ညွှန်းရေးသားခဲ့သူ) တို့က ဦးစီးရိုက်ကူးထားတာဖြစ်ပါတယ်။

 

Game Night ဟာ ဟာသကားကောင်းကောင်း စောင့်မျှော်နေသူတွေအတွက်ကတော့ စောင့်ကြည့်စာရင်းထဲထည့်ထားသင့်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဝမ်းသာစရာသတင်းကတော့ ဒီဇာတ်ကားကြည့်ရဖို့ အကြာကြီးစောင့်စရာမလိုတော့ပါဘူး.. ဖေဖော်ဝါရီ ၂၃ ရက်နေ့ဆိုရင် စတင်ပြသွားသွားတော့မှာဖြစ်တဲ့အတွက်ပါ။

 

ကဲ.. လောလောဆယ်တော့ အောက်မှာဖော်ပြထားတဲ့ Traielr လေးကိုကြည့်ပြီး ကြိုတင်ရင်ခုန်ထားလိုက်ကြရအောင်လား…

 

Leave a Reply

Your email address will not be published. Required fields are marked *