Star Wars ရုပ်ရှင်အသစ်တွေကို ‘Game of Thrones’ TV Series ဖန်တီးသူတွေက ဦးဆောင်ရိုက်ကူးမည်

Star Wars ရုပ်ရှင်အသစ်တွေ ဆက်ထုတ်မယ်လို့ကြားတုန်းက စိတ်ဝင်စားမှုအဲဒီလောက်မမြင့်သေးပါဘူး။ ဒါပေမယ့် အဲဒီရုပ်ရှင်တွေကို Game of Thrones tv series ကိုဖန်တီးခဲ့သူတွေဖြစ်တဲ့ David Benioff နဲ့ D. B. Weiss တို့က တာဝန်ယူရိုက်ကူးမယ်လို့လည်းသိရရော နဂိုတွေးထားတာတွေကို ချောင်ထဲထိုးထည့်လိုက်ပါတယ်။ ပိုကောင်းတာကတော့ အခုသွားနေတဲ့ Rian Johnon ရဲ့ The Last Jedi နဲ့ ဘာမှမသက်ဆိုင်တဲ့ ဇာတ်လမ်းအသစ်တွေကို ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။

 

Disney ရဲ့အဆိုအရဆိုရင်တော့ ဒီဇာတ်ကားတွေဟာ Skywalker တွေနဲ့ သက်ဆိုင်မှုလုံးဝမရှိတဲ့ အသစ်စက်စက်ဇာတ်လမ်းတွေကို ရိုက်ကူးမှာဖြစ်ပါတယ်။ အဲဒီတော့ Star Wars Universe ရဲ့ အခြားအခြားသော ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေကို ပိတ်ကားပေါ်မှာမြင်ရဖို့ မျှော်လင့်တောင့်တနေသူတွေအတွက် ရှယ်သတင်းကောင်းတစ်ခုလို့ဆိုရမှာပါ။

 


Lucas Film ရဲ့ ဥက္ကဌဖြစ်သူ Kathleen Kennedy ကတော့ David နဲ့ Dan တို့ဟာ လက်ရှိရုပ်ရှင်လောကထဲက အကောင်းဆုံး ဇာတ်လမ်းဖန်တီးသူတွေဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ သူတို့နှစ်ယောက်ရဲ့စွမ်းရည်တွေဖြစ်တဲ့ ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်တာ၊ ဇာတ်အိမ်ကို ပီပီပြင်ပြင်တည်ဆောက်နိုင်တာ စတာတွေဟာ Star Wars ကို အရင်က မမြင်ဖူးတဲ့နေရာတွေဆီ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆိုထားပါတယ်။

 

Benioff နဲ့ Weiss တို့ကတော့ သူတို့နှစ်ယောက်ဟာ ၁၉၇၇ ခုနှစ်ကတည်းက Star Wars နဲ့ ထိတွေ့ခွင့်ရခဲ့ပြီး ဒီအကြောင်းကို အဲဒီအချိန်ကတည်းက စိတ်ကူးယဉ်နေခဲ့ရတာပါလို့ ဆိုထားပါတယ်။ သူတို့အနေနဲ့ ဒီလိုတာဝန်ပေးခံရတာကို အရမ်းဂုဏ်ယူမိသလို အနည်းငယ်လည်း ကြောက်မိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်ရှိရိုက်ကူးနေတဲ့ Game of Thrones season ပြီးသွားတာနဲ့ ဒီ project ကို စိတ်အားထက်သန်စွာနဲ့စတင်မှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

 

Variety က Disney ကိုဆက်သွယ်ခဲ့ချိန်မှာတော့ Disney ရဲ့ CEO ဖြစ်သူ Bob Iger က Benioff နဲ့ Weiss တို့က ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူတို့ studio ကို အရင်ဆုံးဆက်သွယ်လာတာပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ Iger ရဲ့အဆိုအရဆိုရင်တော့ သူတို့နှစ်ယောက်ဟာ Star Wars ကိုအခြေခံထားတဲ့ရုပ်ရှင်တွေကို ဖန်တီးလိုတာဖြစ်ပြီး TV Series နဲ့ပတ်သက်ပြီး စိတ်ဝင်စားပုံမပြဘူးလို့ သိရှိရပါတယ်။

 

လောလောဆယ်အချိန်မှာတော့ ထွက်ရှိမယ့်ရက်ရော ဇာတ်လမ်းကိုပါ မသိရှိရသေးပါဘူး။ ဒါပေမယ့် Game of Thrones က ၂၀၁၉ ခုနှစ်မှ ပြသမှာဆိုတော့ ၂၀၂၀ လောက်ကိုပဲမှန်းရမယ်လို့ ယူဆလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Benioff နဲ့ Weiss တို့လို့လူတွေက ဦးစီးဖန်တီးမှာဆိုတော့ အရည်အသွေးကို စိတ်ချထားလို့ရလောက်ပါတယ်။

 

Ref: Star Wars

Leave a Reply

Your email address will not be published. Required fields are marked *