ကြည့်လို့လည်းကောင်း ကြောက်ဖို့လည်းကောင်းတဲ့ Ghoul

ဇာတ်လမ်းတွဲတွေကို ကြည့်ရှု့ရတာ သဘောကျပေမယ့်လည်း အချိန်တွေ အများကြီးမပေးနိုင်လို့ အပိုင်းနည်းနည်းလောက်ပဲပါမယ့် ဇာတ်လမ်းကလည်း တိုတိုလေးနဲ့ထိမိစေမယ့် ဇာတ်လမ်းကောင်းမျိုးကို လိုချင်တယ်ဆိုရင်တော့ Ghoul လို့ အမည်ရတဲ့ Mini Series လေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

 

Ghoul ကတော့ အိန္ဒိယဇာတ်လမ်းတွဲပါ။ ဒါပေမယ့် ပုံမှန်အိန္ဒိယဇာတ်လမ်းတွဲတွေမဟုတ်လို့ အပိုင်းတွေ ရာချီနေမှာမဟုတ်ပဲ အပိုင်း ၃ ပိုင်းသာ ပါဝင်ထားပါတယ်။ နောက်တခုကGhoul ကို Netflix က ထုတ်လုပ်ထားတာပါ။ Netflix ရဲ့ ပထမဦးဆုံး Bollywood Series ခြေလှမ်းဖြစ်တဲ့ Scared Games မှာကတည်းက အောင်မြင်မှု အသီးအပွင့်တွေ ဆွတ်ခူးထားနိုင်ခဲ့သလို ဒီ Ghoul ကလည်း ထပ်မံအောင်မြင်ဦးမှာ သေချာနေပါတယ်။

 

Horror Thriller ပုံစံဖြစ်နေတဲ့ Ghoul ဇာတ်လမ်းတွဲတိုရဲ့ အဓိကသရုပ်ဆောင်အဖြစ်ကတော့ Bollywood မင်းသမီး Radhika Apte က သင်တန်းဆင်း စစ်ကြောရေးအရာရှိတစ်ဦး Nida Rahim အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Nida က အရမ်းကို တော်လွန်းတဲ့ စစ်ကြောရေးအရာရှိတစ်ယောက်ဖြစ်ပြီးတော့ အကြမ်းဖက်သမားများနဲ့ အဆက်အသွယ် ပြုလုပ်ခဲ့တဲ့ သူရဲ့ ဖခင်အရင်းကိုတောင် သူမကိုယ်တိုင် ဖမ်းဆီးနိုင်အောင် ကြိုးပမ်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမအတွက် ကြောက်မက်စရာကောင်းတဲ့ တာဝန်တစ်ခု ရောက်ရှိလာခဲ့ပါတယ်။ ဒါကတော့ ဆိုးရွားလွန်းလှတဲ့ အကြမ်းဖက်သမားလို့ သတ်မှတ်ထားခံရသူ Ali Saeed ကို စစ်ကြောမေးမြန်းရဖို့ပါပဲ။ Ali Saeed ကို စစ်ဆေးရချိန်မှာတော့ သူဟာ အများသိထားကြသလို အကြမ်းဖက်သမားတစ်ဦးသာမဟုတ်ပဲ အရမ်းကို ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကြီးတစ်ကောင် ပူးကပ်နေမှန်း သိလိုက်ရချိန်မှာ သွေးပျက်ခြောက်ခြားဖွယ်ရာတွေ ဖြစ်ပေါ်လာပုံကို တင်ဆက်ပြထားတာဖြစ်ပါတယ်။

 

Netflix က ထုတ်လုပ်ထားတာဖြစ်လို့ ဇာတ်ကားအရည်အသွေးပိုင်းက အထူးကောင်းမွန်သေသပ်လှသလို လတ်တလောမှာလည်း ဒီဇာတ်ကားရဲ့ Rating တွေက အရမ်းကိုကောင်းလွန်းနေတာကြောင့် ဇာတ်လမ်းတွဲကောင်းကြိုက်သူတိုင်း လက်မလွတ်တမ်း စောင့်ကြည့်သင့်ပါကြောင်းကို သတင်းပေးတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

 

Leave a Reply

Your email address will not be published. Required fields are marked *