‘Transformers’ ရုပ်ရှင် Series ကို Reboot လုပ်လိုက်တော့မယ်လို့ Hasbro ပြောကြား

အရုပ်ထုတ်လုပ်သူ Hasbro က သူ့ရဲ့ Transformers Movie Franchise ကို Reboot လုပ်လိုက်တော့မယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်ဒီဇင်ဘာ ၂၁ မှာပြသမယ့် Bumblebee: The Movie ကနေစပြီးတော့ Reboot လုပ်လိုက်တော့မှာဖြစ်တယ်လို့ သူ့ရဲ့ Toy Fair 2018 Hasbro Investor Preview မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတော့ နဂိုကကြေညာထားခဲ့တဲ့ ၂၀၁၉ မှာထွက်မယ့် Transformers 6 Project က အလိုအလျှောက် ပျက်သွားခဲ့ပြီဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၂၁ ခုနှစ်အထိ Transformers ရုပ်ရှင်အသစ် ဘာမှမစီစဉ်ထားဘူးလို့လည်း ထပ်ဆောင်းပြောကြားထားပါသေးတယ်။ အဲဒီတော့ Bumblebee ရုပ်ရှင်ပြီးတာနဲ့ အနည်းဆုံး ၃ နှစ်လောက်က ဘာ Transformers ရုပ်ရှင်မှ ထွက်ရှိမှာမဟုတ်ပါဘူး။ ဒါတောင် အနည်းဆုံးစောင့်ရမယ့် ပမာဏဖြစ်ပါတယ်.. နောက်ထပ်ရုပ်ရှင်ကို ဘယ်လောက်စောင့်ရမယ်ဆိုတာ အတိအကျပြောကြားသွားခြင်းမရှိပါဘူး။

 

Hasbro နဲ့ Paramount တို့ကြားက သဘောတူညီချက်အသစ်အရ Transformers Franchise နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမှာ Hasbro က ပိုပြီးသြဇာသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ အဲဒီတော့ ရုပ်ရှင် project တွေ အတည်ပြုတာတွေမှာ Hasbro ရဲ့ဆုံးဖြတ်ချက်က အခရာကျသွားမှာဖြစ်ပါတယ်။

 

ဘာကြောင့်များ Movie Series တစ်ခုလုံးကို reboot လုပ်ဖို့ဆုံးဖြတ်လိုက်တာလည်း.. လူအများထင်ကြေးပေးနေတာကတော့ နောက်ဆုံးထွက်ရှိထားတဲ့ Transformers: The Last Knight ရဲ့ စီးပွားရေးအရ အောင်မြင်မှုနည်းပါးခဲ့ခြင်းဟာ ဒီဆုံးဖြတ်အချက်အပေါ် အနည်းနဲ့အများသက်ရောက်မှုရှိတယ်ဆိုတာပါပဲ။ The Last Knight ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၆၀၅ သန်းခန့်သာ ဝင်ငွေရရှိခဲ့ပြီး သူ့အရှေ့ကထွက်ရှိခဲ့တဲ့ Transformers ၄ ကားလုံးထက် ဝင်ငွေနည်းပါးခဲ့ပါတယ်။ ဘယ်လောက်ထိတောင်လည်းဆိုရင် ၂၀၀၇ က ထွက်ရှိခဲ့တဲ့ ပထမဆုံး Transformers ဇာတ်ကားထက်တောင် ဒေါ်လာသန်း ၁၀၀ ခန့်လျှော့နည်းခဲ့ပါတယ်။ အဲဒီတော့ risk ယူပြီးနောက်တစ်ကားဆက်ထုတ်မလား.. ဒါမှမဟုတ် လူတွေစိတ်ဝင်စားနိုင်မယ့် series အသစ်တစ်ခုလုပ်မလားဆိုတဲ့ရွေးချယ်မှုမှာ ဒုတိယဟာကို ရွေးချယ်ခဲ့ပုံရပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် Transformers ရုပ်ရှင်ချစ်သူတွေအတွက်ကတော့ စိတ်မကောင်းစရာသတင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ထပ်သတင်းတွေထပ်မံရရှိခဲ့ရင် အလျှင်းသင့်သလို ဆက်လက်ဖော်ပြပေးသွားပါမယ်။

 

Ref: TFW2005

Leave a Reply

Your email address will not be published. Required fields are marked *