‘Five Nights at Freedy’s’ ရုပ်ရှင်ကို Home Alone, Harry Potter ဒါရိုက်တာ Chris Columbus ကရိုက်ကူးမည်

တော်ရုံတန်ရုံ မကြောက်တတ်ပါဘူးဆိုသူတွေတောင် ငယ်သံပါအောင်အော်မိတဲ့အထိ ကြောက်စရာကောင်းတဲ့ Five Nights at Freedy’s ဂိမ်းကို ဒါရိုက်တာ Chris Columbus က ရုပ်ရှင်အဖြစ်အသက်သွင်းတော့မှာဖြစ်ပါတယ်။ Chris Columbus ဟာ Home Alone 1 & 2, Harry Potter 1 & 2 စတဲ့ဇာတ်ကားတွေကို ဖန်တီးရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် FNaF Franchise ရဲ့ဖန်တီးရှင် Scott Cawthon ကလည်း ဒီရုပ်ရှင်ထုတ်လုပ်ရာမှာ ပူးတွဲပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီ FNaF ရုပ်ရှင်ကို Insidious, Paranormal Activity နဲ့ The Purge စတဲ့ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ Blumhouse Productions က ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ပြီး ဒီအကြောင်းကို Blumhouse ရဲ့ twitter စာမျက်နှာကနေ ကြေညာသွားခဲ့ခြင်း ဖြစ်ပါတယ်။

 

 

Five Nights at Freedy’s ဂိမ်းအကြောင်း မကြားဖူးသူတွေကို အနည်းငယ်ရှင်းပြသွားပါမယ်။ ဒီဂိမ်းထဲမှာ ကစားသူတွေဟာ Freedy Fazear’s Pizza လို့အမည်ရတဲ့ စားသောက်ဆိုင်တစ်ခုက ညစောင့်နေရာကနေ ဆော့ကစားရမှာပါ။ သာမန်စားသောက်ဆိုင်တွေနဲ့မတူတာက ညဆိုရင် ဒီနေရာမှာ ကြောက်မက်ဖွယ်စက်ရုပ်တွေက လျှောက်သွားနေကြတာပါ။ မနက်မိုးလင်းတဲ့အထိ ညစောင့်ဖို့တာဝန်ယူထားရတဲ့ ကစားသူတွေဟာ အဲဒီအကောင်တွေ ကိုယ့်နေရာဆီမရောက်လာအောင် အခန်းဘေးက တံခါးတွေကို အဖွင့်အပိတ်လုပ်၊ CCTV ကင်မရာကနေ အဲဒီအကောင်တွေ ဘယ်နေရာမှာရှိနေတယ်ဆိုတာကို လိုက်ကြည့်ရတာတွေ ပြုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပါ။ တစ်ခုရှိတာက သင်ပြုလုပ်သမျှအရာတိုင်းက စွမ်းအင်လိုအပ်ပြီး သင့်မှာ ဘက်ထရီက ကန့်သတ်ထားတဲ့ပမာဏပဲရှိပါတယ်။ အဲဒီတော့ ရှိသလောက် ဘက်ထရီစွမ်းအားလေးကို ချွေတာအသုံးပြုပြီး မနက်မိုးလင်းတဲ့အချိန်အထိ အသက်ရှင်ကျန်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

 

ဒီလို user input နဲ့ စားတဲ့ဂိမ်းတစ်ခုကို ဘယ်လိုရုပ်ရှင်အသွင်ပြောင်းမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဂိမ်းထဲကလိုပဲ အခန်းတစ်ခုထဲမှာနေပြီး လာသမျှအကောင်တွေကို ခုခံရမှာလား၊ ဒါမှမဟုတ် သာမန် horror ဇာတ်ကားတွေလို အဆောက်အအုံထဲလျှောက်သွားပြမှာလား.. စဉ်းတော့စဉ်းစားစရာပါပဲ။ ရုပ်ရှင်ကို ဂိမ်းဆော့ရတဲ့ပုံစံအတိုင်း တစ်ထေရာတည်းတူအောင် ဖန်တီးမယ်ဆိုရင်တော့ အရမ်းအရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ညွှန်းလိုအပ်မှာပါ။ ပြီးတော့ Blumhouse ထုံးစံအတိုင်း ဘတ်ဂျက်နည်းနည်းနဲ့ရိုက်မှာကလည်းရှိပါသေးတယ်။ အဲဒီတော့ ဒီဇာတ်ကားကောင်းမကောင်းဟာ Chris Columbus နဲ့ Scott Cawthon တို့နှစ်ယောက်ပေါင်းအစွမ်းပေါ်မှာ အများကြီးမူတည်နေပါတယ်။

 

 

Ref: Collider

Leave a Reply

Your email address will not be published. Required fields are marked *