၂၀၁၈ မှာထွက်ရှိမယ့် စောင့်ကြည့်သင့်တဲ့ Horror ကား ၁၀ ကား

ကဲ.. ညကြီးသန်းခေါင် သရဲကားတွေ၊ Horror ကားတွေကြည့်ရမှ စားဝင်အိပ်ပျော်ပါတယ်ဆိုတဲ့ ကိုကိုမမတွေအတွက် ၂၀၁၈ အတွင်းမှာစောင့်ကြည့်သင့်တယ်လိုထင်ရတဲ့ Horror ဇာတ်ကား ၁၀ ကားကိုရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဒီ list ထဲမှာပါဝင်တဲ့ဇာတ်ကားတွေထဲမှာ အချို့ဇာတ်ကားတွေကလွဲပြီး အများစုကမထွက်ရှိသေးပါဘူး။ ဒါကြောင့် calendar မှာမှတ်ထားလို့ရအောင် ထွက်ရှိမယ့်ရက်တွေကိုပါ တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုကြည့်ပြီး ဘယ်ဇာတ်ကားရုံတင်ရင် Horror ကားမကြိုက်တဲ့သူငယ်ချင်းတွေကို ဘယ်လိုညာခေါ်သွားမယ်ဆိုတာ ကြိုစဉ်းစားထားလိုက်ကြရအောင်လား.. 😉 😏 😆

 

Insidious: The Last Key

Release Date: ဇန်နဝါရီ ၅

Synopsis: ဒီဇာတ်ကားဟာ Horror ဇာတ်ကားပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Insidious ဇာတ်လမ်းတွဲထဲက စတုတ္ထမြောက်ဇာတ်ကားဖြစ်ပြီး story chronology အရဆိုရင် ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာ ဒေါက်တာ Elise Rainer တစ်ယောက် သူမရဲ့မိသားစုအိမ်မှာ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ မကောင်းဆိုးဝါးတွေနဲ့ တွေ့ဆုံရပုံကို ထိတ်လန့်ဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

 

Mom and Dad

Release Date: ဇန်နဝါရီ ၁၉

Synopsis: မင်းသားကြီး Nicolas Cage ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ positive review တွေရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မိဘတွေဟာ ဇစ်မြစ်မသိတဲ့အကြောင်းရင်းတစ်ခုကြောင့် စိတ်ရိုင်းတွေဝင်ပြီး မိမိတို့ရဲ့ရင်သွေးတွေကို လိုက်လံသတ်ဖြတ်ဖို့ကြိုးစားကြမှာဖြစ်ပါတယ်။

 

Winchester

Release Date: ဖေဖော်ဝါရီ ၂

Synopsis: San Francisco ရဲ့အပြင်ဖက် မိုင် ၅၀ အကွာမှာ တစ်ရက်ကို ၂၄ နာရီ၊ တစ်ပတ်ကို ၇ ရက်နှုန်းနဲ့ နှစ်ပေါင်းများစွာကြာအောင်ဆောက်နေတဲ့ စံအိမ်ကြီးတစ်ခုရှိပါတယ်။ အဲဒီစံအိမ်ကြီးကို Sarah Winchester ကပိုင်ဆိုင်တာဖြစ်ပြီး အထပ်ပေါင်း ၇ ထပ်ရှိကာ အခန်းပေါင်းရာနဲ့ချီပြီးပါဝင်ပါတယ်။ အပြင်ကလူတွေကတော့ ဒီအဖွားကြီးတစ်ယောက်ရူးပြီးလုပ်ချင်ရာလုပ်တယ်လို့မြင်ကြပါတယ်။ တကယ်တမ်းမှာကျတော့ သူ့ခင်ပွန်းရဲ့ကုမ္ပဏီကထုတ်လုပ်တဲ့သေနတ်တွေနဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားသူတွေရဲ့ ဝိဉာဏ်တွေကိုပိတ်လှောင်ထားဖို့ အကျဉ်းထောင်တစ်ခုတည်ဆောက်နေတာဖြစ်ပါတယ်။

 

Annihilation

Release Date: ဖေဖော်ဝါရီ ၂၃

Synopsis: အမျိုးအမည်အသိတဲ့နေရာတစ်ခုကို စူးစမ်းလေ့လာဖို့အတွက် လူတွေလွှတ်ရာမှာ Lena ရဲ့ခင်ပွန်းဖြစ်သူ Oscar Isaac တစ်ယောက်တည်းသာ ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီတော့ သူ့ခင်ပွန်းအဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ Lena ဟာ နောက်ထပ်စူးစမ်းလေ့လာရေးအဖွဲ့နဲ့အတူ အဲဒီနေရာကိုလိုက်ပါလာခဲ့ပါတယ်။

 

The Strangers: Prey at Night

Release Date: မတ် ၉

Synopsis: ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ The Strangers ရဲ့ sequel ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု အမျိုးတွေရှိတဲ့နေရာတစ်ခုမှာ ခရီးတစ်ထောက်နားမိရာကနေ မျက်နှာဖုံးစွပ်ထားတဲ့ psychopath ၃ ယောက်တို့ရဲ့ရန်ကို ရင်ဆိုင်ကြရပါတော့တယ်။

 

A Quiet Place

Release Date: ဧပြီ ၆

Synopsis: မိသားစုတစ်စုက လူတွေနဲ့ဝေးရာနေရာတစ်ခုမှာ သီးသီးသန့်သန့်နေထိုင်နေကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အသံထွက်ရာနောက်ကိုလိုက်လံတိုက်ခိုက်တတ်တဲ့ အမျိုးအမည်မသိအရာတစ်ခုကြောင့်ဖြစ်ပါတယ်။

သူတို့မိသားစု နေ့စဉ်ဘဝကို အသံမထွက်ပဲဘယ်လိုဖြတ်သန်းကြမလဲ၊ မတော်တဆထွက်သွားတဲ့အသံကြောင့် ဘေးအန္တရာယ်တွေဘယ်လိုကြုံကြရမလဲဆိုတာကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ဆန်းပြားတဲ့ဇာတ်အိမ်ကြောင့် ဒီတစ်ခုကိုတော့ အများကြီးမျှော်လင့်မိပါတယ်။

 

Truth or Dare

Release Date: ဧပြီ ၁၃

Synopsis: ကျောင်းသားတစ်စု သဘာဝလွန် Truth or Dare ကစားနည်းကိုကစားမိပြီး အသက်ဘေးရန်နဲ့ရင်ဆိုင်ရတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီကစားနည်းမှာ Truth မပြောရင်ဖြစ်စေ၊ Dare ကိုငြင်းခဲ့ရင်ပဲဖြစ်စေ အဲဒီလိုလုပ်တဲ့သူက အသေဆိုးနဲ့သေဆုံးရမှာဖြစ်ပါတယ်။ အဲဒီကျောင်းသားတစ်စုအနေနဲ့ ကျိန်စာကိုပြေပျောက်စေမယ့်နည်းလမ်းကို အသက်လုပြီးရှာဖွေကြရမှာဖြစ်ပါတယ်။

 

The Purge: The Island

Release Date: ဇူလိုင် ၄

Synopsis: ဒီဇာတ်ကားဟာ ပထမဆုံး The Purge ဇာတ်ကားမတိုင်မီက အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ prequel ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပထမဆုံး Purge event ဖြစ်ပေါ်လာစေတဲ့အကြောင်းအရာတွေကို ရိုက်ကူးဖော်ပြထားမှာဖြစ်ပါတယ်။ The Purge ဇာတ်လမ်းတွဲကိုနှစ်သက်သူတွေကို အထူးတလည်ညွှန်းစရာမလိုလောက်ပါဘူး။

 

The Nun

Release Date: ဇူလိုင် ၁၃

Synopsis: Conjuring ကမ္ဘာကြီးထဲမှာဇာတ်အိမ်တည်ထားပြီး Conjuring series ထဲက ပဉ္စမမြောက်ဇာတ်ကားဖြစ်ကာ ၁၉၅၂ အချိန်ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံက Cârța Monastery မှာ Nun တစ်ယောက် သေကြောင်းကြံစည်တဲ့အမှုကိုစုံစမ်းစစ်ဆေးဖို့အတွက် ဗာတီကန်က Priest တစ်ယောက်၊ Nun တစ်ယောက်နဲ့ Novitiate တစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ အဲဒီမှာ သူတို့တွေဟာ Nun အသွင်ယူထားတဲ့ Valak လို့အမည်ရတဲ့ မကောင်းဆိုးဝါးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။

 

The Predator

Release Date: သြဂုတ် ၃

Synopsis: ၁၉၈၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမဆုံး Predator ဇာတ်ကားရဲ့ sequel ဖြစ်ပါတယ်။ Project စတင်တုန်းက reboot အဖြစ်စီစဉ်ထားခဲ့ပြီး နောက်မှ sequel အသွင်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားတစ်သိုက် တောအုပ်ထဲမှာ လမ်းပျောက်နေရာကနေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးသွားကြပါတယ်။ နောက်မှ အရိုးပြိုင်းပြိုင်းနဲ့ အလောင်းတွေကို ပြန်လည်ရှာတွေ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေတွေက မူမမှန်ဖူးဆိုတာကိုရိပ်မိလာချိန်မှာတော့ သူတို့အားလုံး ဒုက္ခအကြီးကြီးရောက်နေပြီဖြစ်ပါတယ်။

 

Slenderman

Release Date: သြဂုတ် ၂၄

Synopsis: အင်တာနက် meme ကနေပေါက်ဖွားလာတဲ့ Slenderman က နောက်ဆုံးတော့ သူကိုယ်ပိုင်ရုပ်ရှင်တောင်ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Slenderman ရှိကြောင်းကိုမယုံကြည်တဲ့ ကောင်မလေး ၄ ယောက်က အဲဒါမရှိဘူးဆိုတာကိုသက်သေပြတဲ့အနေနဲ့ ritual တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် များမကြာမီမှာ သူတို့ထဲကတစ်ယောက်က ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီး Slenderman ရှိကြောင်းကို တဖြည်းဖြည်းနဲ့ယုံကြည်လာကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အရာရာတိုင်းကနောက်ကျသွားခဲ့ပါပြီ.. Slenderman က သူတို့တစ်ယောက်ချင်းစီနောက်ကို ထပ်ချပ်မခွာလိုက်လာနေပြီဖြစ်ပါတယ်။

 

The New Mutants

Release Date: ၂၀၁၉ ဖေဖော်ဝါရီ ၂၂

Synopsis: နဂိုက ၂၀၁၈ ဧပြီ ၁၃ မှာပြဖို့လျာထားခဲ့တဲ့ New Mutants ဟာ ကံဆိုးစွာပဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ၂၀၁၉ အထိအနောက်ဆုတ်ခြင်းခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများအရမ်းမျှော်လင့်နေကြတဲ့ဇာတ်ကားတစ်ခုဖြစ်လို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ Superhero ဇာတ်လမ်းအမျိုးအစားထဲက ရှားရှားပါးပါး Horror ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ X-Men ရဲ့ mutant တွေရဲ့ universe မှာဇာတ်အိမ်တည်ထားပြီး X-Men series ထဲက ၁၃ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ mutant ၅ ယောက်ဟာ လျှို့ဝှက်နေရာတစ်ခုမှာ ထိန်းချုပ်ခြင်းခံထားရပြီး အဲဒီနေရာကနေလွတ်မြောက်အောင် ကြိုးစားကြတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *