အက်ရှင်ကား နှစ်သက်သူတွေအတွက် Hotel Artemis

အချိန်ကား သက္ကရာဇ် ၂၀၂၈ခုနှစ်။ ဒုစရိုက်မှုနှင့် ဒုစရိုက်သမားတို့ကြီးစိုးသော ခေတ်လွန်ကာလဖြစ်ပြီး ထိုကာလမှာ Waikiki နှင့် Honolulu ဆိုသည့် ညီအစ်ကိုနှစ်ဦးက အခြားသူနှစ်ဦးနှင့်ပူးပေါင်းကာ ဘဏ်တစ်ခုကိုဓားပြတိုက်ကြသည်။ ထိုသို့ လုယက်ကြရာဘဏ်မှ ဘောပင်တစ်ချောင်းကို Honolulu မှမျက်စိကျကာ ဘဏ်ဝန်ထမ်းများတားဆီးသည့်ကြားမှ လုယူခဲ့လေသည်။

ဘဏ်မှအထွက်တွင် ရဲများနှင့်တိုက်ခိုက်မှုဖြစ်ကာ တစ်ဦးကျဆုံးပြီး Honolulu နှင့် Waikiki တို့အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာများကြောင့် ညီအစ်ကိုနှစ်ဦးသည် Hotel Artemis သို့သွားရောက်ခိုလုံရန်ဆုံးဖြတ်လိုက်ကြသည်။ Hotel Artemis ဆိုတာကတော့ ဒုစရိုက်လောကသားများအတွက် ဆေးရုံနှင့် ဟိုတယ်လ်တစ်ခုအဖြစ် သူနာပြုဆရာမတစ်ဦး ဖွင့်လှစ်ထားသည့်နေရာ ဖြစ်ပါသည်။

ထို ဟိုတယ်ကို အသင်းဝင်ထားသော ဒုစရိုက်သမားများကိုသာ လက်ခံခြင်းဖြစ်တာကြောင့် Honolulu နှင့် Waikiki ကိုသာလက်ခံပြီး အခြားသူကို သူနာပြု၏လက်ထောက်ဖြစ်သူ Everest က မောင်းထုတ်လိုက်သည်။ Hotel Artemis တွင် ရှိနှင့်နေသူနှစ်ဦးမှာ လက်နက်ကုန်သည်တစ်ဦးနှင့် လူသတ်သမ တစ်ဦး ဖြစ်လေသည်။ ထို လူသတ်သမ Nice သည် တစ်ချိန်က Waikiki ၏ ချစ်သူဖြစ်ပြီး သူတို့နှစ်ဦးဆုံတွေ့ခဲ့ရာတွင် Waikiki က ဘဏ်မှ ဘောပင်ကိုယူလာခဲ့ကြောင်း Nice သိသွားခဲ့သည်။

Nice က ထိုဘောပင်သည် ဒုစရိုက်လောကဂိုဏ်းခေါင်းဆောင် မြေခွေးဘုရင် (Wolf King) ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ထို ဘောပင်ထဲတွင်တန်ဖိုးကြီး စိန်တစ်လုံးမြှုပ်ထားကြောင်း၊ သူ၏ဘောပင်ကိုခိုးယူသူတိုင်းကို Wolf King က ရက်ရက်စက်စက်သတ်ဖြတ်လေ့ရှိကြောင်းပြောရာ Waikiki နှင့် Honolulu တို့ ဆိုးဝါးသော အန္တာရာယ်နှင့်ကြုံတွေ့နေရကြောင်း သိရသောအခါ……

ဒါကတော့ Hotel Artemis ဆိုတဲ့ ဇာတ်လမ်းအကျဉ်းပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Rotten Tomato ရဲ့ Rating 59% နဲ့ IMDB ရဲ့ Rating 6.3 ရထားတဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဇွန်လ ရှစ်ရက်နေ့ကနေစတင်ပြီးရုံတင်ပြသနေပြီဖြစ်ကာ ဇွန်လ၂၁ရက်နေ့အထိ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံမှာကြည့်ရှူနိုင်ပြီဖြစ်ကြောင်း အက်ရှင်ကားနှစ်သက်သူတွေကိုအသိပေးလိုက်ပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *