မကြာခင်မှာ ကြည့်ရတော့မယ့် Hotel Transylvania – 3

Hotel Transylvania လို့ ဆိုလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေရဲ့ စိတ်အာရုံမှာ ချစ်စရာ၊ ရယ်စရာကောင်းလှတဲ့ animation ကာတွန်းကားလေး တစ်ကားပဲဆိုတာကို တန်းမြင်ယောင်မိကြမှာပါ။ သတိရသွားကြမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားလေးရဲ့ Theme က ကြောက်မက်ဖွယ်ရာ သွေးစုပ်ဖုတ်ကောင်တွေ၊ monster တွေကို အခြေခံပြီး ရိုက်ထားပေမယ့် ဇာတ်ကောင်အရုပ်လေးတွေက ကြောက်စရာကောင်းမနေဘဲ ချစ်စရာ ကောင်းနေခဲ့ကြလို့ပါပဲ။ ပြီးတော့ အဲဒီနယ်ပယ်ထဲက မကောင်းဆိုဝါးတွေဟာ သူတို့အချင်းချင်းတွေအပြင် လူသားတွေနဲ့ပါ ဆက်နွယ်နေခဲ့ကြပြီး သူငယ်ချင်းဆန်၊ မိသားစုဆန်တဲ့ ၅၂၈ ချစ်ခြင်းတရားတွေတင်မက ၁၅၀၀ ဆန်တဲ့ ချစ်ခြင်းတရားတွေကိုလည်း ဟာသလေးတွေကြားညှပ်ပြီး ပုံဖော်ရိုက်ကူးထားလို့သာ ဖြစ်မယ်ထင်ပါတယ်။

ပထမဦးဆုံး Hotel Transylvania ကားလေးဟာ ၂၀၁၂ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ ကြာမြင့်ချိန် ၉၂ မိနစ်ရှိတဲ့ အဲဒီကားလေးဟာ Budget – $ 85 million နဲ့ ရိုက်ကူးခဲ့ပေမယ့် $ 358.4 million ပြန်ဝင်ခဲ့တဲ့အထိ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ အဲဒီနှစ်အတွက် အကောင်းဆုံး animation ကားအဖြစ် ရွှေကမ္ဘာလုံးဆုအတွက် တစ်ကြိုပေးခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ နောက်… နာမည်ရ IMDb ရုပ်ရှင် Website ပေါ်မှာလည်း Rate အနေနဲ့ 7.1 ရထားတဲ့ ကားတစ်ကား ဖြစ်ပါတယ်။

နောက်တော့ အဲဒီအောင်မြင်မှုရဲ့ အရှိန်နဲ့ Hotel Transylvania – 2 ကို ဆက်လက်ရိုက်ကူးခဲ့ကြပြီး ၂၀၁၅ စက်တင်ဘာ ၂၅ မှာ ရုံတင်ပြသခဲ့ကြပြန်ပါတယ်။ အဲဒီမှာ ၈၉ မိနစ်သာ ကြာမြင့်တဲ့ ပထမကားရဲ့အဆက် Hotel Transylvania – 2 ဇာတ်ကားလေးဟာလည်း ပထမကားလိုပဲ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ခဲ့ပြန်သေးတယ်လို့ သိရပါတယ်။ Budget – $ 80 million နဲ့ ရိုက်ကူးခဲ့ပေမယ့် $ 473.2 million ပြန်ဝင်ခဲ့ပြီး IMDb ရုပ်ရှင် Website ပေါ်မှာလည်း Rate အနေနဲ့ 6.7 ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပထမကားနဲ့ ဒုတိယကားတွေရဲ့အရှိန်နဲ့ သူတို့ရဲ့အဆက်ဖြစ်တဲ့ Hotel Transylvania – 3 (Summer Vacation) ကားကို ဆက်လက်ရိုက်ကူးခဲ့တယ်လို့ သိရပြန်ပါတယ်။ Budget – $ 65 million နဲ့ ရိုက်ခဲ့တယ်ဆိုတဲ့ အဲဒီ တတိယကားလေးဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။

သုံးကားစလုံးထဲမှာ သမီးနဲ့ မြေးလေးကို တအားချစ်တတ်တဲ့ သွေးစုပ်ဖုတ်ကောင် ဖခင်ကြီး Dracula အဖြစ် အသံသရုပ်ဆောင်ထားတာကတော့ နာမည်ကျော်မင်းသား Adam Sandler ဖြစ်ပါတယ်။ သူ့သမီးဇာတ်ရုပ်ဖြစ်တဲ့ Mavis အဖြစ် အသံသရုပ်ဆောင်တာကလည်း အဆိုတော်/သရုပ်ဆောင် အကျော်အမော်တစ်ယောက်ဖြစ်တဲ့ Selena Gomez ပါ။

Mavis ရဲ့ချစ်သူဖြစ်သလို ခင်ပွန်းလည်းဖြစ်သွားတဲ့ ရိုးရိုးသားသား လူသားဇာတ်ရုပ် Jonathan ရဲ့နေရာမှာ အသံသရုပ်ဆောင်ထားတာကတော့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Andy Samberg ပဲ ဖြစ်တယ်လို့သိရပါတယ်။ ပြီးတော့ Mavis နဲ့ Jonathan တို့ကနေ ပေါက်ဖွားလာတဲ့ သားဖြစ်သလို သွေးစုပ်ဖုတ်ကောင်ကြီး Dracula ရဲ့ မြေးဖြစ်တဲ့ ကလေးဇာတ်ရုပ်အတွက် အသံနေရာမှာတော့ ကလေးသရုပ်ဆောင် Asher Blinkoff က သရုပ်ဆောင်ထားပါတယ်တဲ့။

သုံးကားလုံးကို ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာ Genndy Tartakovsky ပဲဖြစ်ပြီး ကားတိုင်းကို Sony Pictures ကပဲ ထုတ်လုပ်ခဲ့တာလို့ သိရပါသေးတယ်။

ကဲ…. Hotel Transylvania 1 နဲ့ 2 နှစ်ကားကို ကြည့်ပြီးတော့ အဆက်ကို မျှော်လင့်မိကြတဲ့အထိ စွဲမက်ခဲ့ကြတဲ့ ရုပ်ရှင်ချစ်သူတွေရေ။ မကြာခင်ကာလဖြစ်တဲ့ ၂၀၁၈ – ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ Hotel Transylvania – 3 (Summer Vacation) ဆိုတဲ့ ဇာတ်ကားလေးဟာ ထွက်ရှိလာတော့မှာလို့ အသိပေးလိုက်ရပါတယ်။

P.S – Hotel Transylvania – 3 (Summer Vacation) ဟာ ဘယ်လိုဇာတ်လမ်းမျိုး ဖြစ်မလဲဆိုတာကိုတော့ အရသာပျက်သွားမှာစိုးလို့ ရေးပြမနေတော့ပါဘူး။ Trailer လေးကိုသာ တစ်ချက်လောက် နှိပ်ကြည့်လိုက်ပါဦးလို့ဗျာ။       ။

Leave a Reply

Your email address will not be published. Required fields are marked *