တသောသောနဲ့ ဘဝအမောတွေပြေစေမယ့် Instant Family

Pete နဲ့ Elle တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့မှာ နေကြပြီး၊ သားသမီးတွေလည်း မရှိကြသေးတဲ့ ဇနီးမောင်နှံနှစ်ယောက်ပဲ ဖြစ်ကြပါတယ်။ အလုပ်ကိုယ်စီနဲ့ နှစ်ယောက်တည်းဘဝကို ဖြတ်သန်းနေကြရင်း တစ်နေ့မှာတော့ သူတို့ဇနီးမောင်နှံဟာ စိတ်ကူးတစ်ခုကို ရလာခဲ့ကြတယ်။

 

အဲဒီစိတ်ကူးကတော့ ကလေးတွေ မွေးစားဖို့အတွက်ပဲ ဖြစ်ပါတယ်။ ကလေးတွေနဲ့ဆိုရင် သူတို့ဘဝတွေဟာ ပိုပြီး ပျော်ရွှင်စရာကောင်းလာမှာ ဖြစ်သလို၊ ပိုပြီးတော့လည်း အဓိပ္ပါယ် ရှိလာလိမ့်မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့လေ။ အဲဒါနဲ့ Lizzy ဆိုတဲ့ မြီးကောင်ပေါက်အရွယ် သမီးအကြီးရယ်၊ Juan ဆိုတဲ့ သားလတ်နဲ့ Lita ဆိုတဲ့ သမီးငယ်လေးတို့ကို မွေးစားဖို့ ကြံစည်ခဲ့ကြပါတော့တယ်။

 

ဒါပေမဲ့လည်း ကလေး ၃ ယောက်ကို မွေးစားပြီးတဲ့နောက်မှာ Pete နဲ့ Elle တို့ ဇနီးမှောင်နှံ နှစ်ယောက်ဟာ ရုတ်တရက် နေသား မကျခဲ့ကြပါဘူး။ အခက်အခဲတွေ တွေ့လာကြရပါတော့တယ်။ တကယ်တော့ သူတို့ဇနီးမောင်နှံဟာ ကလေးမွေးစားရတဲ့ ကိစ္စကို လျှော့တွက်ခဲ့ကြပုံရသလို၊ ကလေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ ဆိုတာကိုလည်း သေချာမသိကြလို့ပဲ ဖြစ်ပါတယ်။

 

အဲဒီလိုနဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ကလေး ၃ ယောက်ကြားမှာ တမင်မရည်ရွယ်တဲ့ အမှားတွေကို အခါခါ လုပ်မိကြရင်း အူကြောင်ကြောင်တွေ ဖြစ်ကြရပါတော့တယ်။ ကလေးတွေဟာလည်း သူတို့မွေးစားမိဘတွေရဲ့ အူကြောင်ကြောင် နိုင်မှုတွေကို ခံစားကြရသလို၊ သူတို့ကလည်း မွေးစားမိဘတွေကို အမွှေဇယားတွေ ပြန်ခင်းကြပါတော့တယ်။

 

မိသားစုဝင်တွေကြားက ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အဖြစ်အပျက်လေးတွေကို ခပ်မြူးမြူးပုံစံနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးရဲ့ နာမည်ကတော့ Instant Family ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Sean Anders က ကိုယ်တိုင် ဇာတ်ညွှန်းဝင်ရေးထားသလို၊ ထုတ်လုပ်သူအဖြစ်လည်း ပါ၀င်ပြီး ဒါရိုက်တာအဖြစ်နဲ့လည်း ကိုယ်တိုင်ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ပါဝင်ကြတဲ့ အဓိက သရုပ်ဆောင်တွေကတော့ နာမည်ကျော် မင်းသား/ မင်းသမီးတွေ ဖြစ်ကြတဲ့ Mark Wahlberg, Rose Byrne, Isabela Moner တို့ပဲ ဖြစ်ကြပါတယ်။ နောက်… Gustavo Quiroz, Julianna Gamiz စတဲ့ ကလေးသရုပ်ဆောင်တွေကလည်း လူကြီးတွေနဲ့အပြိုင် ပီပြင်စွာ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

 

မိသားစုတွေအားလုံး ပျော်ပျော်ပါးပါးနဲ့ တဟားဟားရယ်ရင်း အပန်းဖြေကြည့်ရှုနိုင်မယ့် Instant Family ဇာတ်ကားကို ရုံတင်မှာကတော့ နိုဝင်ဘာ ၁၆ ရက်နေ့လို့ သိရပါတယ်။ ဖြန့်ချိမှာကတော့ ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Paramount Pictures ကပဲ ဖြစ်ပါတယ်။ ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *