John Williams က Star Wars: Episode IX ရဲ့ နောက်ခံတီးလုံးများကို ဖန်တီးပေးဦးမည်

Star Wars နဲ့ John Williams.. နှစ်ဦးနှစ်ဖက် နှစ်ပေါင်း ၄၀ ကျော်ကြာတဲ့အထိ လက်တွဲလုပ်ကိုင်လာကြတာဆိုတော့ ဒီ epic space opera နဲ့ ဂီတပညာရှင်ကြီး John Williams တို့ကို ခွဲပြီးမြင်ကြည့်လို့ကိုမရတော့ပါဘူး။ Star Wars လို့ပြောလိုက်ရင် John Williams ဆိုတဲ့နာမည်က အနောက်ကနေ အလိုအလျှောက်ကပ်ပါလာတဲ့အထိပါပဲ။ Williams ကိုယ်တိုင်ကလည်း Star Wars အပေါ် သံယောဇဉ်ရှိရှာပါတယ်။ သူ့ရဲ့အသက် ၈၅ နှစ်ရှိနေပြီဖြစ်ပေမယ့် ယခုလက်ရှိပြသနေတဲ့ sequel trilogy ပြီးဆုံးတဲ့အထိ ပါဝင်အားဖြည့်ပေးသွားမယ်လို့ဆိုလာပါတယ်။ ပြီးတော့ ဒါရိုက်တာ J.J. Abrams ကိုလည်း Episode IX ရဲ့တီးလုံးတွေကို သူဖန်တီးပေးမယ့်အကြောင်း ပြောဆိုပြီးသွားပြီလို့လည်း ထပ်ဆောင်းပြောကြားထားပါတယ်။

ဒါ့အပြင် Williams က သူ့အနေနဲ့ သီချင်းရေးစပ်တာကို ရပ်နားသွားဖို့အစီအစဉ်မရှိကြောင်းကို –

“ကျွန်တော်ကံကောင်းတယ်လို့ပြောလို့ရတယ်.. ဘာကြောင့်လည်းဆိုတော့ အမြင်အာရုံရယ် လက်တွေရယ်ကောင်းသေးသရွှေ့ ကျွန်တော်အလုပ်ဆက်လုပ်လို့ရတယ်။ ပြီးတော့ ကျွန်တော့်လက်ရဲ့အရိုးအဆစ်တွေကလည်း စန္ဒယားကောင်းကောင်းတီးနိုင်သေးတဲ့အထိ ကောင်းနေသေးတယ်။ ဂီတနဲ့ပတ်သက်တဲ့အလုပ်လုပ်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းတဲ့အတွက် ရပ်နားသွားမှာမဟုတ်ပါဘူး။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

လတ်တလောမှာတော့ Williams ဟာ မေလ ၂၅ ရက်နေ့ရုံတင်မယ့် ‘Solo: A Star Wars Story‘ အတွက် Theme ဖန်တီးပေးနေပါတယ်။ အဲဒီရုပ်ရှင်အတွက် score ကိုတော့ John Powell က Williams ပေးတဲ့ theme ကိုအခြေခံပြီးဖန်တီးမှာဖြစ်ပါတယ်။

Episode IX ထွက်ဖို့ကအဝေးကြီးလိုသေးပေမယ့် နောက်ခံတီးလုံးပိုင်းနဲ့ပတ်သက်ပြီးကတော့ စိတ်ချလက်ချနေလိုက်လို့ရပါပြီ။ John Williams က ပညာကုန်အသုံးချပြီး သူချစ်တဲ့ franchise ကြီးကို အသက်သွင်းပေးဦးမှာဖြစ်တဲ့အတွက်ပါ။ Star Wars: Episode IX ဟာ ၂၀၁၉ ဒီဇင်ဘာ ၂၀ မှာ ပိတ်ကားထက်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။

Ref: Variety

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *