အများက ထင်နေကြသလို မဟုတ်ပါဘူးဆိုတဲ့ Johnny Depp

johnny depp

ဟောလီးဝုဒ်က နာမည်ကျော်မင်းသား Johnny Depp ရဲ့ လတ်တလောလှုပ်ရှားမှုတွေထဲက ပုံရိပ်တခုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Instagram ပေါ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီပုံကို မြင်ရပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက Depp ရဲ့ ပရိသတ်တွေဆီက စိုးရိမ်ပူပန်သံတွေ အမျိုးမျိုး ထွက်လာခဲ့ပါတယ်။

 

A post shared by Violetta❤ (@violet_loveit) on

 

ကျွန်တော့်ဟီရိုးဟာ နေမကောင်းဖြစ်နေပုံရတယ်လို့ ကျွန်တော်တော့ ထင်မိတာပဲ

ပရိသတ်တစ်ဦးဟာ Instagram ပေါ်ရောက်လာတဲ့ Depp ရဲ့ သိသိသာသာ ပိန်သွားတဲ့ ပုံအောက်မှာ အဲဒီလို ဝင်ရေးခဲ့တာပါ။

 

နောက်တစ်ဦးကတော့…

ဒီလူဟာ ဘာလို့များ ဒီလောက်တောင် ဝိတ်တွေကျသွားရတာပါလိမ့်… လို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်

 

တခြားတစ်ယောက်ကတော့ အထိတ်တလန့်ဟန်နဲ့ ရေးခဲ့ပါတယ်။

ဘုရားရေ… သူအရမ်းပိန်သွားပါလား။ ကျန်းမာပါစေ… တဲ့။

 

ဒါပေမဲ့လည်း အတွင်းလူတချို့ရဲ့ ပြောပြချက်အရ… လောလောဆယ်မှာ Depp ဟာ နေကောင်းကျန်းမာတယ်လို့ သိရပါတယ်။ သူဟာ The Hollywood Vampires လို့ အမည်ရတဲ့ သူ့ရဲ့တီးဝိုင်းအဖွဲ့နဲ့အတူ ကမ္ဘာလှည့်သီဆိုဖျော်ဖြေရင်း ခရီးစဉ် တစ်လျှောက်လုံးမှာရော၊ ဖျော်ဖြေရေးတွေမှာရော၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့နေရာမှာရော အားလုံး အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

 

 

တကယ်တော့ ပရိသတ်တွေ စိတ်ပူသွားကြရတဲ့ ပုံကို Depp ကိုယ်တိုင် အင်တာနက်ပေါ် တင်တာမဟုတ်ပါဘူး။ ရုရှားကို သီချင်းဆိုဖို့ သူရောက်နေတုန်းမှာ အသိတစ်ယောက်နဲ့အတူ အမှတ်တမဲ့ အတူတွဲရိုက်မိလိုက်တဲ့ ဓာတ်ပုံကို အဲဒီအသိက သူ့ Instagram Account ပေါ်မှာ တင်လိုက်တဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ အဲဒီပုံဟာ ကမ္ဘာတဝှမ်းက သူ့ပရိသတ်ကြားထဲ ချက်ချင်းပြန့်နှံ့သွားခဲ့ပြီး ခုလိုမျိုး အသံတွေ ထွက်လာရတော့တာပဲ ဖြစ်ပါတယ်။

 

ပြောမယ့်သာ ပြောရတယ်။ သူ့ပရိသတ်တွေအနေနဲ့ Depp ကို အဲလို စိတ်ပူကြမယ်ဆိုရင်လည်း စိတ်ပူစရာပါ။ ဓာတ်ပုံထဲမှာ သူ့ပုံကလည်း မြင်ရတဲ့အတိုင်း ဖြစ်နေတာမို့ပါပဲ။ (ကျွန်တော် တွေးမိသလောက် ပြောရရင် Depp ကပဲ တကယ် ဂိနေတာလား၊ အဲဒီပုံကိုရိုက်တဲ့ ကင်မရာကပဲ မကောင်းတာလား၊ ဒါမှမဟုတ် သူတို့တွေဟာ မြန်မာပြည်မှာ ခေတ်စားနေတဲ့ ကင်မရာ သုံးရာ့ခြောက်ဆယ် (Camera 360)၊ ဘီ ခြောက်ရာတစ်ဆယ့်နှစ် (B612) စတဲ့ Effect တွေ ဘာတွေကို မသုံးလို့ဘဲလား မသိ။ ပုံထဲမှာ Depp ရဲ့ အနေအထားက ရွှေနားဖြစ်မနေဘဲ တော်တော်လေး ဂွမ်းနေတဲ့ ရုပ်ပေါက်နေခဲ့တာကိုး။ :D)

 

*****

 

ဒီနှစ် ၂၀၁၈၊ ဇွန်လ ၉ ရက်နေ့မှာ ၅၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ The Pirates Of Caribbean ဇာတ်လမ်းတွေထဲက အကျော်အမော်မင်းသား Depp ဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ့ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတချို့နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ပြောလို့ရပါတယ်။

 

pirates-of-the-caribbean-dead-men-tell-no-tales

 

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဒုတိယမြောက် တရားဝင်လက်ထပ်ဇနီးဖြစ်သူ သရုပ်ဆောင်မင်းသမီး Amber Heard နဲ့ တရားဝင် ကွာရှင်းပြတ်စဲမှုကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ရဲ့ ဇန်နဝါရီလကျတော့မှ အဆုံးသတ်နိုင်ခဲ့လို့ပါပဲတဲ့။ (Depp ဟာ နာမည်ကျော် အမျိုးသမီးတော်တော်များများနဲ့ တွဲခုတ်ဖူးတယ်လို့လည်း ရာဇဝင်ရှိပါတယ်။)

 

ဒါတင်မကသေးပါဘူး။ Depp ဟာ အရင်တုန်းက သူ့ဆီမှာ အလုပ်လုပ်သွားဖူးတဲ့ သူ့ရဲ့ ဘော်ဒီဂတ်နှစ်ယောက်က သူ့ကို တရားပြန်စွဲတာကိုလည်း ရင်ဆိုင်ခဲ့ရသေးပါတယ်။ အဲဒီလူနှစ်ယောက်က သူ့ကို တရားစွဲခဲ့ရတာဟာ….

 

** Depp က သူတို့ကို လခတွေ ရှင်းမပေးတာ၊ မတရား အလုပ်ထုတ်ပစ်တာ၊ မတရား ခိုင်းစေတာ**

 

… စတဲ့ အကြောင်းပြချက်တွေနဲ့ပါပဲတဲ့။ ဒါပေမဲ့ Depp ဟာ တရားစွဲသူတွေဘက်ကနေပြီး သူ တကယ်အပြစ် ကျူးလွန်ခဲ့တဲ့အကြောင်းတွေကို တိကျတဲ့ သက်သေအထောက်အထားတွေ တော်တော်များများ မရှိဘဲ၊ မပြနိုင်ဘဲ တရားစွဲခံခဲ့ရတာပါလို့လည်း သိရပါသေးတယ်။

 

အခုတော့လည်း Depp ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေဟာ သူတို့မင်းသားက သူတို့ထင်နေသလို မဟုတ်ဘဲ ကျန်းမာပကတိ၊ ချမ်းသာစွာ ရှိနေခဲ့လေတယ်ဆိုတာမို့ စိတ်တွေအေးသွားကြပြီလို့ ထင်ရတာပါပဲ။ ။

Leave a Reply

Your email address will not be published. Required fields are marked *