Lady Gaga ရဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမယ့် ရုပ်ရှင်ဇာတ်ကားသစ်…

နာမည်ကျော်မင်းသား Bradley Cooper နဲ့အတူ အဆိုကျော် Lady Gaga ကိုယ်တိုင် ပါ၀င်သရုပ်ဆောင်ထားတယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို သိပ်မကြာခင်မှာ ရုပ်ရှင်ရုံကြီးတွေထဲကနေပြီး ကြည့်ရှုခံစားနိုင်ကြတော့မယ်လို့ သိရပါတယ်။ A Star Is Born လို့ အမည်ရတဲ့ အဲဒီဇာတ်ကားကြီးရဲ့ နမူနာအပိုင်းအစလေးကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက A Star Is Born လို့ပဲ နာမည်ပေးထားတဲ့ Twitter account ပေါ်မှာ တွေ့ခဲ့ရတာပါ။

ဇာတ်ကားကို နမူနာကြည့်ရသလောက်လေး ပြောပြရရင် အဲဒီကားထဲမှာ Bradley Cooper က ရော့ခ်စတားတစ်ယောက်ဖြစ်တဲ့ Jackson အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lady Gaga ကတော့ အောင်မြင်ဖို့အတွက် မယုံမရဲနဲ့ ကြိုးစားနေရဆဲဖြစ်သူ Ally ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jackson နဲ့ Ally တို့ဆုံဆည်းကြပြီး Ally ရဲ့ တကယ်ကောင်းတဲ့အသံကို စင်မြင့်ထက်တွေမှာ ကြားချင်လာမိတဲ့ Jackson က လိုအပ်တာလေးတွေကို လိုက်ပြီးအားဖြည့်ကူညီပေးရင်းနဲ့…. စတာမျိုးတွေပေါ့။

Lady Gaga ဟာ ဒီရုပ်ရှင်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို မနှစ်ကတည်းက ဆိုရှယ်မီဒီယာတွေထက်မှာလည်း ထုတ်ဖော်ပြောပြခဲ့ဖူးတာပါ။

“ ကျွန်မရဲ့ ပထမဦးဆုံးသော ရုပ်ရှင်ဇာတ်ကားသစ်အတွက် အရမ်းကို စိတ်လှုပ်ရှားနေရပါတယ်။ ပြီးတော့ ဒီရုပ်ရှင်ဇာတ်ကားလေးနဲ့ သူငယ်ချင်းတွေကို လှမ်းခေါ်ခွင့်ရလို့လည်း သိပ်ကံကောင်းတယ်လို့ ထင်မိပါတယ်။ ကျွန်မလေ… ကျွန်မသရုပ်ဆောင်နေတဲ့ ပုံရိပ်တွေကို ငွေရောင်ပိတ်ကားကြီးတွေထက်မှာ ကိုယ်တိုင် ပြန်မြင်တွေ့ချင်နေမိတာ ဟိုးတုန်းကတည်းကပါ။ ဒီ A Star Is Born ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လမ်းလေးကလည်း တကယ့်ကို အပျံစားပါပဲ။ ပြီးတော့ ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့တဲ့ Bradley Cooper ကိုလည်း သိပ်ကျေးဇူးတင်မိရတယ် ”

Million Reasons ဆိုတဲ့ သီချင်းလေးရဲ့ ပိုင်ရှင်ဖြစ်သူ Lady Gaga ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း သူမရဲ့ Instagram ပေါ်မှာ ဒီရုပ်ရှင်ရဲ့ နမူနာဗီဒီယိုအတိုလေးကိုတင်ပြီး စတေးတပ်လေးတစ်ခုကို ရေးခဲ့ပါသေးတယ်။

“ ဒါဟာ အိပ်မက်တစ်ခု တကယ်အသက်ဝင်လာခဲ့ခြင်းပါ။ မယုံနိုင်လောက်စရာ ပြောင်မြောက်လှတဲ့ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ထောင့်တစ်နေရာကနေ သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူမိရတယ်။ Bradley Cooper ဟာလည်း ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဂီတသမား… ဘယ်နေရာကပဲဖြစ်ဖြစ် အရည်အချင်းရှိရှိနဲ့ လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါပဲ။ ပရိသတ်တွေကိုလည်း စစ်မှန်စွာနဲ့ လှပထူးခြားတဲ့ ဒီအချစ်ဇာတ်လမ်းလေးကို အမြန်ကြည့်ခွင့် ရစေချင်လှပါပြီ။ ဒီဇာတ်ကားကို A Star Is Born လို့ခေါ်ပါတယ်။ ဇာတ်လမ်းထဲက Jack နဲ့ Ally တို့ကို ပရိသတ်တွေ မြင်ရတော့မယ့်အတွက် ကျွန်မလည်း ရင်ခုန်မိနေပါတယ်”

တကယ်တော့ Lady Gaga ဟာ သရုပ်ဆောင်မှုနေရာမှာ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ ၂၀၁၅ – ၁၆ ခုနှစ်တွေမှာ ထိတ်လန့်ကြောက်ရွံ့စရာ တီဗီရုပ်သံဇာတ်လမ်းတွဲတစ်တွဲဖြစ်တဲ့ Hotel ဇာတ်ကားမှာလည်း ပါ၀င်သရုပ်ဆောင်ထားခဲ့ဖူးတဲ့သူ တစ်ယောက်ပါ။ ဒါတင်မကသေးဘဲ တီဗီဇာတ်လမ်းတွဲတွေအတွက်ပေးတဲ့ အမျိုးသမီးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆုကိုလည်း အဲဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရင်း ရခဲ့ဖူးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

A Star Is Born ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကတော့ Warner Bros. Pictures နဲ့ Metro-Goldwyn-Mayer တို့ပဲဖြစ်ပါတယ်။ ဖြန့်ချိမှာကတော့ Warner Bros. Pictures ကပါပဲ။ ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ဒီဇာတ်ကားထဲမှာ Jackson အဖြစ် သရုပ်ဆောင်ထားခဲ့သလို ရွှေကမ္ဘာလုံးဆု နှစ်ကြိမ်အပြင် အကယ်ဒမီဆုတွေ၊ တခြားဆု အမျိုးမျိုးတွေကို ရရှိထားခဲ့ဖူးတဲ့ မင်းသား Bradley Cooper ပဲ ဖြစ်ပါတယ်။

“ကြယ်လေးတစ်ပွင့် မွေးဖွားခြင်း”လို့ အဓိပ္ပါယ်ပြန်ရင်ရနိုင်မယ့် ဒီဇာတ်ကားလေးကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့ကျရင် အားလုံး ကြည့်ခွင့်ရကြတော့မှာပါ။ အဲဒီတော့ သီချင်းဆိုကောင်းသလောက် နေရာတော်တော်များများမှာ ဆန်းပြားတဲ့ ဖက်ရှင်တွေဝတ်လေ့ရှိပြီး ပရိသတ်တွေရဲ့ အာရုံတွေကို အမြဲဖမ်းစားနိုင်ခဲ့တဲ့ Lady Gaga ရဲ့ သရုပ်ဆောင်မှုပုံရိပ်တွေကိုလည်း မကြာခင် ငွေရောင်ပိတ်ကားတွေထက်မှာ အားလုံးက မြင်တွေ့ခံစားကြရတော့မှာ အမှန်ပဲ ဖြစ်ပါတယ်။      ။

Leave a Reply

Your email address will not be published. Required fields are marked *