အာရှဒေသတလွှားက ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ့် Lee Joon Gi

ကိုရီးယားမင်းသားချောလေး Lee Joon Gi ကတော့ လက်ရှိမှာ အသက်သုံးဆယ်ကျော်အရွယ်ကို ရောက်ရှိနေပေမယ့်လည်း အခုထိ သူရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်အားလုံးမှာ ရူးသွပ်သူဖြစ်တဲ့ Lee Joon Gi ဟာ ဇာတ်လမ်းတွဲသစ်တွေ ရိုက်ကူးတိုင်းမှာလည်း ပိုပိုပြီး အောင်မြင်လာသလို သူရဲ့ သရုပ်ဆောင်မှုတွေဟာလည်း ဒီထက်မက ပိုကောင်းလာတတ်ပါတယ်။ သိပ်မကြာခင်မှာတော့ Lee Joon Gi ဟာ သူရဲ့အချစ်တော်တွေဆီကို အရောက်လာတော့မှာဖြစ်ပါတယ်။

 

မင်းသားချော Lee Joon Gi ဟာ 2018-19 Lee Joon Gi Asia Tour ‘Delight’ လို့ အမည်ပေးထားတဲ့ သူရဲ့ Fan Meeting ကို နောက်လကနေစတင် ကျင်းပသွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဇင်ဘာလ ၁၅ရက်နေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အတွင်းမှာ ကျင်းပသွားမယ့် သူရဲ့ Fan Meeting အဖွင့်ပွဲအတွက် လက်မှတ်တွေကတော့ ဒီရက်လေးပိုင်းအတွင်းမှာပဲ အကုန်လုံး ရောင်းထွက်သွားခဲ့ပြီလို့ သိရပါတယ်။

 

ဒီပွဲပြီးသွားရင်တော့ လာမယ့် ၂၀၁၉ခုနှစ်အတွင်းမှာပဲ အာရှဒေသက နာမည်ကျော်မြို့ကြီးခြောက်မြို့မှာ သူရဲ့ Fan Meeting ပွဲတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လတ်တလောမှာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

 

Lee Joon Gi ဟာ Fan Meeting ပွဲမှာ ပရိသတ်တွေကို စကားပြောရုံသက်သက်မဟုတ်ပဲ တေးသီချင်းများ သီဆိုကပြခြင်းတွေကိုပါ အင်တိုက်အားတိုက် လုပ်ပြတတ်သူဖြစ်လို့ ပရိသတ်များစွာက သူ့ကို အရမ်းချစ်ခင်အားပေးကြပါတယ်။ Lee Joon Gi ဟာ ဒီနှစ်ထဲမှာ Lawless Lawyer ဇာတ်လမ်းတွဲအတွင်း မိခင်သေဆုံးမှုကို ကလဲ့စားချေချင်နေတဲ့ ရှေနေ့တစ်ဦးအဖြစ် အကောင်းဆုံးသရုပ်ဆောင်ထားခဲ့တာကြောင့် ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ထားခဲ့ရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *