ဆောင်းဦးရာသီမှာပြသမယ်လို့ ကြေညာလိုက်တဲ့ Anime Movie – ‘Let Me Eat Your Pancreas’

“ရှေးရှေးတုန်းကလူတွေက သူတို့နေမကောင်းရင် တိရစ္ဆာန်အစိတ်အပိုင်းတွေကိုစားလေ့ရှိကြတယ်”

“အစာအိမ်မကောင်းရင် အစာအိမ်ကိုစားကြတယ်.. အဲဒါဟာသူတို့ကို ခွန်အားပြန်ပြည့်စေတယ်လို့ယုံကြည်ကြတယ်”

“အဲဒါကြောင့် ငါနင့်ရဲ့ ပန်ကရိယကိုစားချင်တယ်”

ဒါက ‘Let Me Eat Your Pancreas’ (Kimi no Suizou wo Tabetai) ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ အထက်တန်းကျောင်းသူလေး Yamauchi Sakura ရဲ့စကားဖြစ်ပါတယ်။ သူမဟာ ပန်ကရိယရောဂါကြောင့် မကြာမီအချိန်အတွင်းမှာသေဆုံးရတော့မယ့်သူတစ်ယောက်ဖြစ်ပါတယ်။

စာရေးဆရာ Sumino Yoru ရဲ့ ဝတ္ထုကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဒီ anime movie ကို ဆောင်းဦးရာသီအစောပိုင်းမှာ စတင်ပြသသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဇာတ်ကားရဲ့ official website ကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်နဲ့အတူ ဒီဇာတ်ကားအတွက် tagline အသစ်နဲ့ key visual တို့ကိုပါ တစ်ပါတည်းထုတ်ဖော်ပြသခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ –

တစ်ရက်မှာ ကောင်လေးတစ်ယောက်ဟာ ဆေးရုံသွားရင်း အမှတ်မထင်နဲ့ စာအုပ်တစ်အုပ်ကောက်ရခဲ့ပါတယ်။ အဲဒီစာအုပ်ကိုဖတ်ကြည့်တော့ ပန်ကရိယရောဂါကြောင့် မကြာမီသေဆုံးရတော့မယ့်လူနာတစ်ယောက်ရဲ့နေ့စဉ်မှတ်တမ်းဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ သူ့ကိုအံ့အားသင့်သွားစေတာကော့ အဲဒီစာအုပ်ပိုင်ရှင်ဟာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူ့ရဲ့အတန်းဖော် Yamauchi Sakura ဖြစ်နေတယ်ဆိုတာပါ။ သူမအဲဒီရောဂါရှိနေတယ်ဆိုတာကို သူမရဲ့မိသားစုနဲ့ ကောင်လေးကလွဲပြီး ဘယ်သူမှမသိရှိကြပါဘူး။ အဲဒါကြောင့် ဒီကိစ္စကိုဘယ်သူ့ကိုမှမပြောပြပဲ လျှို့ဝှက်ထားပေးဖို့ ကတိပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ Sakura ရဲ့ကျန်ရှိသေးတဲ့နေ့ရက်လေးတွေကို သူမဘေးမှာနေပြီးအားပေးရင်းနဲ့ အတူတကွကုန်ဆုံးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဇာတ်ကားမှာ မတူညီတဲ့ အကျင့်စရိုက်ရှိကြတဲ့လူနှစ်ယောက်ကြားက relationship ကို ကြည့်ရှုခံစားရမှာပါ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေတတ်ပြီး လူတကာရဲ့ချစ်ခင်ခြင်းကိုခံရတဲ့ Sakura နဲ့ လူတွေနဲ့ရောရောနှောနှောမနေတတ်တဲ့ကောင်လေးတို့နှစ်ယောက် သူမရဲ့နောက်ဆုံးအချိန်လေးတွေကို ဘယ်လိုများဖြတ်ကျော်ကြမလဲဆိုတာဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီဝတ္ထုကိုဖတ်ဖူးသူတွေကတော့ ဒီဇာတ်လမ်းကို Koe no Katachi နဲ့ Kimi no na wa တွေထက်ပိုမကောင်းဘူးဆိုရင်တောင် မလျှော့ဘူးလို့ဆိုနေကြပါတယ်။

Sumino Yoru ရဲ့ဒီဝတ္ထုဟာ အုပ်ရေပေါင်း ၂ သန်းကျော်ရောင်းချရတဲ့အထိအောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒီဝတ္ထုကိုမှီငြမ်းပြီး ရုပ်ရှင်ဇာတ်ကားပါရိုက်ကူးခဲ့ကြပါတယ်။ ဒါ့အပြင် ဝတ္ထုရဲ့နာမည်နဲ့ပဲ Manga ပါရေးဆွဲထားပါသေးတယ်။ စိတ်ဝင်စားသူတွေကတော့ ဒီ anime movie မထွက်ရှိမှီ အဲဒါတွေကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။

Ref: ANN

Leave a Reply

Your email address will not be published. Required fields are marked *