ကမ္ဘာ့ပထမဆုံး ဆီဆေးရုပ်ရှင် (သို့မဟုတ်) Loving Vincent

ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့ 2017 ခုနှစ်မှာထွက်ရှိခဲ့ပြီး တော်တော်များများ သတိထားမိကြလောက်ပေမယ့် မကြည့်ဖြစ်သေးဘူးလို့ထင်ပါတယ်။ တကယ်လို့ သင်ကိုယ်တိုင်က Vincent Vangogh ကိုကြိုက်နှစ်သက်သူဆိုရင်တော့ Loving Vincent ဟာ မကြည့်မဖြစ်ကြည့်သင့်တဲ့ ရုပ်ရှင်ထဲမှာပါပါတယ်။

ပုံမှန်ဆို ကိုယ်က animated film တွေမကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် Loving vincent ကို Trailor ကြည့်ပြီးတဲ့နောက် ဒီကားဟာ သာမန်ထက်ထူးခြားတဲ့ animated film မှန်း သတိထားမိပါတယ်။ ဒီကားကို Dorota Kobiela နဲ့ Hugh Welchman ဆိုတဲ့ director နှစ်ဦးရိုက်ကူး ထားပြီး ပန်းချီဆရာ ပေါင်း ၁၂၅ ဦးတို့ ပါဝင်ရေးဆွဲ ထားပါတယ်။ ဇာတ်ကားရိုက်ကူးချိန်ဟာ ဇာတ်အိမ်စတည်ချိန်ကစလို့ ၆ နှစ်ကျော် ၇ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ ပြကွက် ၁ စက္ကန့်စာကို ပန်းချီကား ၁၂ ကား အသုံးပြုခဲ့ပြီး ရုပ်ရှင်တစ်ကားလုံးစာအတွက် ပန်းချီကားပေါင်း ၆၅၀၀၀ ရေးဆွဲခဲ့ရတဲ့ ကမ္ဘာ့ပထမဆုံး fully oil painted film ဆိုလည်း မမှားပါဘူး။

Loving Vincent ရဲ့ အဓိက ထူးခြားချက်ကတော့ ဒီကားဟာ ပန်းချီဆရာ Vangogh အကြောင်းကို ကြည့်ရှုရရုံမကပဲ သူ့ပန်းချီကားတွေကိုလည်း ရုပ်ရှင်တစ်ခု အဖြစ်ခံစားရစေတာပါပဲ။  အထူးသဖြင့် Van Gogh လက်ရာတွေ ကို နှစ်သက်စွဲလမ်း သူများ အတွက်တော့ Starry night , Cafe Terrace at Night , Wheat Field with Cypresses အစရှိတဲ့ ပန်းချီကားတွေ အသက်ဝင် လှုပ်ရှားနေရတာကို ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။

ဇာတ်အိမ်အနေနဲ့  အဓိက ပြောပြချင်တာက ဒီကားဟာ Vincent Vangogh ရဲ့ Biography မဟုတ်ပါဘူး။ Vangogh သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ သူ့ပတ်ဝန်းကျင်က လူတွေအမြင် ၊ သူနေထိုင်ဖြတ်သန်း ခဲ့ပုံတွေကို တခြားရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ထားဖြစ်ပါတယ်။ (အဲ့တော့ချွင်းချက် အနေနဲ့ Vangogh အကြောင်းသိပ်မသိသေးဘူးဆို Vincent Vangogh Biography စစ်စစ် ဖြစ်တဲ့ Lust Of Life ဆိုတဲ့ ရုပ်ရှင်ကားကို အရင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။)

ဇာတ်လမ်း ကြာချိန် ၉၅ မိနစ် သာ ရှိပေမယ့် ကိုယ်ကတော့ မကြာခဏ pause နှိပ်ပြီး ကြည့်တာကြောင့် ၂ နာရီကျော်သွားပါတယ် ။ တချို့ scene တွေဟာ pause ရပ်ပြီးကြည့်ရလောက်တဲ့ထိ ရေးဆွဲထားတာတွေ ကောင်းလွန်းလို့ပါ။ ပန်းချီဆွဲတဲ့ Artist များ အနေနဲ့လည်း Loving Vincent ဟာ must watch list ထဲပါလို့ မဖြစ်မနေကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *