Update: ‘Game of Thrones’ Season 8 ထွက်မယ့်အချိန်ကို သူမပြောကြားခဲ့ခြင်းမရှိကြောင်း Maisie Williams ငြင်းဆို

ဒီနှစ်အစောပိုင်းတုန်းက Game of Thrones ရဲ့နောက်ဆုံး season ဖြစ်တဲ့ season 8 ကို ၂၀၁၉ ခုနှစ်ကျမှပြသမယ်ဆိုတဲ့သတင်းကို မချင့်မရဲနဲ့နားဆင်ခဲ့ကြရပါတယ်။ HBO ရဲ့ပြောကြားချက်အရ နောက်ဆုံး season ကိုအပျံစားဖြစ်စေချင်လို့ အချိန်တွေအများကြီးယူထားတာပါလို့ဆိုတဲ့အတွက် ၂၀၁၉ နှစ်ကုန်ပိုင်းမှများစတင်ပြသမလားဆိုပြီးလည်း သို့လောသို့လောနဲ့စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် Arya Stark ရဲ့သရုပ်ဆောင် Maisie Williams ရဲ့ကျေးဇူးနဲ့ season 8 စတင်ပြသမယ့်ရက်ကိုသိရှိလိုက်ရပါပြီ။ သတင်းကတော့ သတင်းကောင်းပါ.. ဘာကြောင့်လည်းဆိုတော့ season 8 ကို အစဉ်အလာမပျက် ဧပြီလထဲမှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

 

Williams ဟာ Metro နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အထက်ပါအကြောင်းအရာကိုပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။ သူမရဲ့အဆိုအရဆိုရင် ထုတ်လုပ်ရေးတွေကို ဒီဇင်ဘာလထဲမှာအဆုံးသတ်မှာဖြစ်ပြီး ၂၀၁၉ ဧပြီလကျရင် စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ သူတို့ Game of Thrones အဖွဲ့သားတွေအနေနဲ့ ဇာတ်လမ်းတွဲကြီးရဲ့နောက်ဆုံးအပိုင်းတွေကို အလောတကြီးမလုပ်ချင်ကြတကာကတစ်ကြောင်း၊ ဒီအချိန်အထိ တစိုက်မတ်မတ်အားပေးလာကြတဲ့ ပရိသတ်တွေကို သူတို့ရဲ့အစွမ်းကုန်အထိကြိုးစားထားတာတွေကို ပြသချင်တာကတစ်ကြောင်းတို့ကြောင့် ဒီလိုအချိန်ယူရတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

 

စတင်ပြသမယ့်ရက်ကိုသိရှိရပြီဆိုပေမယ့် အဲဒီအချိန်ကိုရောက်ဖို့က ၁ နှစ်ကျော်လိုပါသေးတယ်။ ဒါပေမယ့် ‘ဟာ.. အကြာကြီးစောင့်ရဦးမှာပါကွာ’ လို့မတွေးပဲ လက်ဖက်ကောင်းကောင်းစားရဖို့ ပလောင်က တောင်ပေါ်ကိုဖြေးဖြေးချင်းတက်နေတယ်လို့ပဲမှတ်ယူထားလိုက်ပါ.. အဲဒါဆိုရင်တော့ အချိန်ကျလာရင် မြိန်ရည်ရှက်ရည်နဲ့ အရသာခံပြီးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

 

Update: အရမ်းပျော်သွားတဲ့ Game of Thrones ပရိသတ်တွေကို စိတ်မကောင်းစွာပဲ ဒီသတင်းကမမှန်ကြောင်း ပြောပြရတော့မှာပါ။ ဒီနေ့ပဲ Maisie Williams က သူမရဲ့ twitter စာမျက်နှာကနေတစ်ဆင့် သူမအနေနဲ့ season 8 ထွက်ရှိမယ့်ရက်ကိုပြောကြားခဲ့ခြင်းမရှိကြောင်းနဲ့ အဲဒီစကားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုကနေယူသုံးထားတာဖြစ်တယ်လို့ ဆိုလာပါတယ်။ Twitter ပေါ်ကပရိသတ်တွေကတော့ အဲဒီ tweet အောက်မှာ မချင့်မရဲနဲ့ ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ ကဲ.. ထွက်ရှိမယ့်ရက်သိရတဲ့အခြေအနေကနေ ဒုံရင်းဒုံရင်း ဘာမှမသိတဲ့ဘဝကိုပြန်ရောက်သွားပါပြီ။ Winter ဘယ်တော့ပြန်လာမလည်းဆိုတာကို နားစွင့်နေရုံပဲရှိပါတော့တယ်။

Ref: Digital Spy

Leave a Reply

Your email address will not be published. Required fields are marked *