ပရိသတ်တွေကို တွေးစရာလေးတွေချန်ပေးခဲ့တဲ့ Mamma Mia 2: Here We Go Again ရဲ့ Trailer

၂၀၀၈ ခုနှစ်တုန်းက box office မှာ ဒေါ်လာ ၆၀၉ သန်းနဲ့အောင်ပွဲခံသွားခဲ့တဲ့ musical ဇာတ်ကား Mamma Mia ရဲ့အဆက်ဖြစ်တဲ့ Mamma Mia 2 ရဲ့ Trailer ထွက်ရှိလို့လာပါပြီ။ Mamma Mia 2: Here We Go Again လို့အမည်ရတဲ့ဒီဇာတ်ကားဟာ ပထမကားရဲ့ prequel-sequel ပုံစံမျိုးဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဇာတ်ကားမှာ Mamma Mia ရဲ့အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Donna Sheridan ရဲ့ငယ်စဉ်ဘဝကိုပြောပြသွားမှာဖြစ်တဲ့အတွက်ပါ။

ဒီဇာတ်ကားမှာ Donna ရဲ့ သမီးဖြစ်တဲ့ Sophie (Amanda Seyfried) ဟာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး ဒီရင်သွေးကို single mom အနေနဲ့ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကိုတွေးပြီး အားငယ်နေရှာပါတယ်။ အဲဒါကြောင့် Sophie ကိုအားပေးတဲ့အနေနဲ့ Donna ရဲ့ band အဖွဲ့သားတွေဖြစ်တဲ့ Tanya Chesham-Leigh (Christine Baranski) နဲ့ Rosie Mulligan (Julie Walters) တို့က Donna ဟာ သူမကို ဘယ်လိုပြုစုပျိုးထောင်ခဲ့တယ်ဆိုတာကို နောက်ကြောင်းပြန် ပြန်ပြောပြကြတဲ့ပုံစံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။

Trailer ကတော့ အားလုံးရဲ့ favorite ABBA သီချင်းတွေနဲ့ မြူးမြူးကြွကြွပါပဲ။ Cast တွေအားလုံးကလဲ ပထမဇာတ်ကားထဲကလူတွေကပဲ ပြန်လည်သရုပ်ဆောင်ထားကြတာမို့ မနှစ်သက်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် Rosie ရဲ့ “Your mother was the bravest person we ever met” ဆိုတဲ့စကားဟာ Donna ကဒီဇာတ်ကားမှာသေသွားပြီလားလို့ တွေးစရာဖြစ်သွားပါတယ်။ အဲဒီတော့ Donna ကိုကြိုက်တဲ့ပရိသတ်တွေက ဒီ trailer ကိုကြည့်ပြီး Donna ဘာဖြစ်သွားတာလဲ၊ တကယ်သေသွားပြီလားဆိုတဲ့မေးခွန်းကို တွင်တွင်ကြီးမေးနေကြပါတယ်။

Donna တကယ်သေသွားသလား၊ ဒါမှမဟုတ် ဒါရိုက်တာကပဲ တမင်လှည့်ကွက်လုပ်ပြီး trailer ထဲကချန်ထားခဲ့တာလားဆိုတာကို ဒီဇာတ်ကားရုံတင်မယ့် ၂၀၁၈ ဇူလိုင် ၂၇ ကျရင်သိရှိရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *