သမိုင်းမှာအခမ်းနားဆုံးရုပ်ရှင် ဖြစ်လာမယ်လို့ဆိုလိုက်တဲ့ Mel Gibson ရဲ့ ‘The Passion Of The Christ’ sequel

ဒါရိုက်တာကြီး Mel Gibson က သူ့ရဲ့ ၂၀၀၄ ခုနှစ်ကပြသခဲ့တဲ့ The Passion Of The Christ ဇာတ်ကားရဲ့ sequel ထုတ်လုပ်ချင်တယ်ဆိုတဲ့အကြောင်းကို ၂၀၁၆ ခုနှစ်ကတည်းကပြောနေခဲ့တာပါ။ အဲဒီနောက်မှာတော့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှထပ်မံမသိရှိရတော့ပါဘူး။ Gibson တစ်ယောက် ဇာတ်ညွှန်းပဲထိုင်ရေးနေတာလား၊ ဆက်မလုပ်ဖြစ်တော့ဘူးလားဆိုတာက မရေရာတဲ့ခန့်မှန်းချက်တွေအဆင့်ကနေ ပိုမတက်လာခဲ့ပါဘူး။

 

ဒါပေမယ့် ဒီနေ့ Passion မှာတုန်းက Jesus Christ အဖြစ်သရုပ်ဆောင်ခဲ့သူ မင်းသားကြီး Jim Caviezel ရဲ့ USA Today နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးကနေတစ်ဆင့် Gibson တစ်ယောက် ဒီ project ကို ကျားကုတ်ကျားခဲလုပ်ဆောင်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ Resurrection လို့အမည်ပေးထားတဲ့ အဆိုပါ sequel မှာ Caviezel ကလည်း သူ့ရဲ့ယခင် role ဖြစ်တဲ့ Jesus Christ အဖြစ် ဆက်လက်သရုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။ Caviezel ကတော့ သူ့အနေနဲ့ ဒီ sequel နဲ့ပတ်သက်ပြီး အများကြီးပြောပြလို့မရပေမယ့် ဒီရုပ်ရှင်ဟာ သမိုင်းထဲမှာ အကြီးကျယ်ဆုံးရုပ်ရှင်တစ်ခုဖြစ်လာနိုင်တဲ့အထိ ကောင်းတယ်ဆိုတာကတော့ သေချာတယ်လို့ ပြောကြားသွားပါတယ်။

 

Sequel ဆိုတော့ ဘယ်အပိုင်းကိုရိုက်ပြမှာလည်း… ပထမဇာတ်ကားမှာတုန်းက Jesus Christ ပြန်လည်ရှင်ပြန်ထမြောက်တဲ့အခန်းနဲ့အဆုံးသတ်ထားခဲ့တော့ sequel အနေနဲ့ဘာတွေများရိုက်ပြစရာကျန်သေးလို့လည်းဆိုတာက တွေးချင်စရာပါပဲ။ အဲဒီအကြောင်းကို Gibson က ၂၀၁၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြထားခဲ့ပြီးဖြစ်ပါတယ်။ Resurrection မှာ Jesus Christ ပြန်လည်ရှင်ပြန်ထမြောက်တဲ့ ၃ ရက်တာကာလအတွင်းကအဖြစ်အပျက်တွေကို သရုပ်ဖော်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ပထမကားတုန်းကဝေဖန်ခံရတဲ့ လိုတာထက်ပိုပြီးကြမ်းတမ်းတဲ့ရိုက်ကွက်တွေ တတ်နိုင်သမျှမပါဝင်အောင်ဂရုစိုက်ပြီး ကြည့်ရှုသူတွေစိတ်ချမ်းသာသွားစေရအောင် လှလှပပလေး ဖန်တီးသွားဖို့ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။

Movie News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *