နာမည်အပြည့်အစုံ ပေးပြီးသွားခဲ့တဲ့ Men in Black ဇာတ်ကားသစ်

ကျွန်တော်တို့လူသားတွေ နေထိုင်ရာ ကမ္ဘာပြေပြင်ပေါ်ကို လာရောက်ကျူးကျော်နေထိုင်ကြတဲ့ ဂြိုလ်သားတွေကို နှိမ်နင်းပေးမယ့် MIB အေးဂျင့်တွေ မကြာခင်မှာ ပရိသတ်တွေဆီကို ပြန်လည်ရောက်ရှိလာပါတော့မယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အသည်းစွဲနှစ်ခြိုက်ခဲ့ရတဲ့ Men in Black ဇာတ်ကားရဲ့ စတုတ္ထမြောက်ဇာတ်ကားအတွက် အခုအချိန်မှာ တရားဝင်ဇာတ်ကားနာမည် အပြည့်အစုံကို သတ်မှတ်ပေးလိုက်ပါပြီခင်ဗျာ။ Men in Black International ပါတဲ့ခင်ဗျာ။ နာမည်လေးက တော်တော်ကို ရိုးစင်းပါတယ်။ ကုန်သွယ်ရေးကုမ္မဏီတစ်ခုခုရဲ့ နာမည်နဲ့ခပ်ဆင်ဆင်ပါပဲ။

 

ဒီ Men in Black International ရုပ်ရှင်ကားထဲမှာတော့ ယခင် Men In Black ဇာတ်ကားသုံးကားလုံးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Tommy Lee Jones နဲ့ Will Smith တို့ကတော့ ပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့။ သူတို့အစား ပြန်လည်ပါဝင်လာမယ့် သရုပ်ဆောင်တွေကလည်း ပရိသတ်ရဲ့ အချစ်တော်တွေ ဖြစ်နေတာမို့ပါ။

 

အဓိက Main Cast တွေအဖြစ် Thor မင်းသား Chris Hemsworth နဲ့ Thor : Ragnarok ဇာတ်ကားထဲမှာ Chris နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ Tessa Thompson တို့က ဦးဆောင်ပါဝင်ထားကြတာပါ။ နောက်ပြီးတော့ ဝါရင့်အက်ရှင်မင်းသားကြီး Liam Neeson , မင်းသမီးချော Rabecca Ferguson , အမေရိကန်-ပါကစ္စတန် ရုပ်ရှင်မင်းသား Kumail Nanjiani တို့လည်း အားဖြည့်ပါဝင်ပေးထားပါသေးတယ်။

 

Thor : Ragnarok ရုပ်ရှင်ကားထဲမှာ တွဲဖက်ညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ Chris Hemsworth နဲ့ Tessa Thompson တို့ကတော့ ဒီဇာတ်ကားထဲမှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အခြေစိုက်ထားတဲ့ MIB စခန်းက အေးဂျင့် H နဲ့ အေးဂျင့် M တို့အဖြစ် ပါဝင်သွားကြမှာဖြစ်ပါတယ်ဗျ။ ဒီတစ်ချိန်မှာတော့ MIB အေးဂျင့်နှစ်ယောက်က အရင်လို ယောကျာ်းနှစ်ယောက်မဟုတ်ပဲ ယောကျာ်းနဲ့မိန်းမ တွဲပေးထားဖြစ်လို့ တစ်မျိုးလေးခံစားရမှာ သေချာပါတယ်။ Men in Black International ဇာတ်ကားသစ်ကိုတော့ လာမယ့် ၂၀၁၉ခုနှစ် ဇွန်လ ၁၄ရက်နေ့မှာ ပြသပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *