ပရိသတ်ရှေ့ ရောက်လာတော့မယ့် မီ

နိုင်ငံကျော်စာရေးဆရာမကြီး ကြည်အေး ရေးသားခဲ့တဲ့ မီ ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းကို စတင်ရိုက်ကူးမယ်ဆိုကတည်းက ဝေဖန်သံတွေညံခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီလိုအဖြစ်ကလည်း နာမည်ကြီးစာရေးဆရာကြီးတွေရဲ့ ဝတ္ထုဇာတ်လမ်းတွေကို ရုပ်ရှင်ကားအဖြစ်ပြန်ရိုက်မယ်ဆိုတဲ့ သတင်းထွက်တိုင်းဖြစ်နေကြပါပဲ။

 

မီ ရုပ်ရှင်မှာတော့ စတင်ရိုက်ကူးစဉ်က ဝေဖန်သံတွေညံခဲ့ပေမဲ့ တစ်စတစ်စရုပ်လုံးပေါ်လာတာနဲ့အမျှ ဝေဖန်သူတွေဆီက ကန့်ကွက်သံတွေလျှော့ပါးသွားပြီး လက်ခံကြိုဆိုတဲ့အသံတွေပိုကြားလာရပါတယ်။ ဒီလိုဖြစ်ရတာကလည်း ဇာတ်လမ်းကိုပုံဖော်ရိုက်ကူးကြသူတွေက အကောင်းဆုံးကြိုးစားအားထုတ်ထားတာကို တွေ့ကြရတာကြောင့်လဲဖြစ်ပါတယ်။ အထူးသဖြင့် အဝတ်အစားပိုင်းမှာဆိုရင်လည်း အဲဒီခေတ်က ဝတ်စားဆင်ယင်ကြတဲ့ပုံစံအတိုင်း အနီးစပ်ဆုံးတူအောင် အားထုတ်ဖန်တီးထားတာကို တွေ့ရသလို ရိုက်ကွင်းရိုက်ကွက်နဲ့ သရုပ်ဆောင်မှုတွေက ဖန်တရာတေနေတဲ့ ပုံစံခွက်ထဲကကင်းလွတ်နေတာကို တွေ့ခဲ့ရပါတယ်။

 

မီအဖြစ် သရုပ်ဆောင်တဲ့ ပိုင်ဖြိုးသု ဟာ ဒီဇာတ်လမ်းမှာ မီအဖြစ်အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ စီးကရက်သောက်တာ ပိုင်နိုင်အောင် သေချာလေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ မီ ဇာတ်လမ်းကို သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ Victoria ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ မီရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင် မီ အဖြစ် ပိုင်ဖြိုးသု၊ သော်ဆွေ အဖြစ် နေတိုး၊ ဦးတင်မောင် အဖြစ် မင်းဦး၊ ဦးဘချစ်အဖြစ် ရဲအောင်၊ ရွှေဓားမြှောင်အဖြစ် သားညီ စတဲ့ ဝါရင့်သရုပ်ဆောင်တွေအပြင် မောင်ကိုလေး အဖြစ် အောင်ရဲထိုက် တို့က သရုပ်ဆောင်ထားကြပါတယ်။

 

အခုလို အကောင်းမြင်ချီးကျူးသံတွေညံလာခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေစိတ်ဝင်စားနေကြဆဲမှာပဲ မီ ရုပ်ရှင်ကို လာမယ့် အောက်တိုဘာလ ကိုးရက် ၂၀၁၈ မှာရုံတင်ပြသသွားမယ်ဆိုတဲ့သတင်းရရှိခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်ဦးမော့လာစေမယ့် အရွေ့တစ်ခုထဲမှာ ပါလာတဲ့ မီ ရုပ်ရှင်ကို ပရိသတ်တွေရောသွားရောက်အားပေးကြဦးမှာလား ဆိုတာပြောခဲ့ပါဦးနော

 

Leave a Reply

Your email address will not be published. Required fields are marked *