အေဂျင်စီအသစ်နဲ့ သရုပ်ဆောင်အလုပ်ကို အာရုံစိုက်လုပ်ကိုင်သွားမယ့် Baro

B1A4 အဖွဲ့ရဲ့ မန်ဘာဝင်တစ်ယောက်လည်းဖြစ် သရုပ်ဆောင်မင်းသားချောတစ်ယောက်လည်းဖြစ်တဲ့ Baro ကတော့ အခုအခါမှာ အနုပညာအေဂျင်စီတစ်ခုနဲ့ လက်တွဲသွားခဲ့ပြီဖြစ်ပြီး အဆိုတော်ပိုင်းထက် သရုပ်ဆောင်ပိုင်းကိုသာ ပိုမိုအာရုံစိုက်လုပ်ကိုင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော်သရုပ်ဆောင် Baro ဟာ WM Entertainment အေဂျင်စီကနေ ဇွန်လကုန်မှာ ထွက်ခွာခဲ့ပြီး HODU&U Entertainment အေဂျင်စီနဲ့ လက်တွဲလုပ်ပြီဖြစ်ကြောင်း ဇူလိုင်လ ၁၇ရက်နေ့က HODU&U Entertainment ဘက်ကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ HODU&U Entertainment အေဂျင်စီကတော့ နာမည်ကျော်ကိုရီးယားသရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Song Kang Ho , Kim Hye Soo နဲ့ Lee Sun Gyun တို့ရဲ့ အေဂျင်စီလည်းဖြစ်တာကြောင့် ကိုရီးယားအနုပညာအသိုင်းအဝိုင်းမှာ လူသိများလှပါတယ်။

 

Baro ကတော့ WM Entertainment အေဂျင်စီနဲ့ ၂၀၁၁ခုနှစ်မှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး B1A4 အဖွဲ့ရဲ့ မန်ဘာဝင် အဆိုတော်တစ်ဦးအဖြစ် ပွဲဦးထွက်လာခဲ့တာ ဖြစ်ပါတယ်။ Baro ဟာ WM Entertainment နဲ့ လက်တွဲလုပ်ကိုင်နေစဉ်အတွင်း tvN ရုပ်သံလိုင်းက ၂၀၁၃ခုနှစ်မှာ ပြသသွားခဲ့တဲ့ Reply 1994 ဇာတ်လမ်းတွဲမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး God’s Gift-14 Days , Angry Mom နဲ့ Manhole ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ပွဲဦးထွက်ပြီးနောက်ပိုင်းကတည်းက အဓိကဇာတ်ဆောင်နေရာတွေမှာပဲ ဆက်တိုက်ပါဝင်ခဲ့ရတဲ့ Baro ကို သူရဲ့ အေဂျင်စီအသစ်ဖြစ်တဲ့ HODU&U Entertainment က  သရုပ်ဆောင်ပိုင်းတွေမှာ အထောက်အပံ့ကောင်းတွေ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းကိုလည်း ပြောဆိုသွားခဲ့ပါတယ်။ Baro လို နောက်ထပ် B1A4 အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ Jinyoung ဟာလည်း ဇွန်လကုန်ချိန်မှာပဲ WM Entertainment နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ လက်တွဲဖြုတ်ခဲ့ပြီး အေဂျင်စီအသစ် ဆက်လက်ရှာဖွေနေတယ်လို့ သိရှိရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *