သတင်းသဲ့သဲ့ထွက်လာတဲ့ ‘RoboCop’ ရုပ်ရှင်အသစ်

ဒီသတင်းကတော့ မူလပထမ RoboCop (1987) ရုပ်ရှင်ကိုမှနှစ်သက်သူတွေအတွက် စူပါသတင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုသတင်းထွက်လာတဲ့ RoboCop ရုပ်ရှင်ဟာ sequel ရုပ်ရှင် ၂ ခုနဲ့မသက်ဆိုင်ပဲ ၁၉၈၇ ကထွက်ခဲ့တဲ့ဇာတ်ကားရဲ့တိုက်ရိုက်အဆက်ဖြစ်တဲ့အတွက်ပါ။ အဲဒီတော့ ကြားမှာထွက်ခဲ့တဲ့ sequel ၂ ကားရော၊ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ reboot ရော အားလုံးကိုမေ့လိုက်လို့ရပါပြီ.. အခုလာမှာက လုံးဝအသစ်စက်စက် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။

 

ဒီသတင်းကို မူလ RoboCop ဇာတ်ကားရဲ့ဇာတ်လမ်းကိုရေးသားပေးခဲ့တဲ့ Edward Neumeier က Zeitgeist မဂ္ဂဇင်းနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ Neumeier က Studio MGM အနေနဲ့ဒီစက်ရုပ်ရဲကြီး Alex Murphy ရဲ့ဇာတ်လမ်းကို ဘယ်လိုဆက်လက်တိုးချဲ့မယ်ဆိုတဲ့နည်းလမ်းတွေရှာဖွေနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် လူတွေအနေနဲ့ အခုအချိန်အထိ RoboCop အကြောင်းကို စိတ်ဝင်စားနေကြဆဲဖြစ်တဲ့အတွက်ဝမ်းသာမိကြောင်းနဲ့ အဲဒါကြောင့်လည်းပဲ MGM က သူ့ကို RoboCop ရုပ်ရှင်အသစ်တစ်ခု ဖန်တီးခိုင်းနေတာဖြစ်ကြောင်း ထပ်ဆောင်းပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ဒီထက်ပိုပြောလို့မရတဲ့အတွက် ထွက်ရှိမယ်မထွက်ရှိဘူးဆိုတာကိုတော့ တိတိပပ မဖြေကြားသွားခဲ့ပါဘူး။

 

RoboCop ရုပ်ရှင်ဆိုတာ ငယ်ငယ်တုန်းကအသေကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အခုလို သူနဲ့ပတ်သက်တဲ့သတင်းတွေကြားရတိုင်း အတိုင်းမသိဝမ်းသာမိပါတယ်။ ၂၀၁၄ remake တုန်းကလည်း အမှန်အကန်ကိုမျှော်လင့်ထားခဲ့ပေမယ့် အားသိပ်မရခဲ့ပါဘူး။ ဒါပေမယ့်ဒီတစ်ကြိမ်မှာတော့ Neumeier ကိုယ်တိုင်ပြန်လည်ဦးစီးပါဝင်မှာဖြစ်တဲ့အတွက် အရင်အကြိမ်တွေနဲ့ကွဲပြားမှာတော့ သေချာသလောက်ပါပဲ။ ကိုယ်ကိုယ်တိုင်က အရမ်းစိတ်ဝင်စားနေတဲ့အတွက် သတင်းအသစ်ရရှိတာနဲ့ ချက်ချင်းလိုလိုကို မျှဝေပေးသွားမှာပါ.. Stay Tuned!

Leave a Reply

Your email address will not be published. Required fields are marked *