Avengers မှာ ပါဝင်သရုပ်ဆောင်ချင်နေတဲ့ Noah Centineo

Netflix ရုပ်သံကနေ ဒီနှစ်အတွင်းမှာ ပြသသွားခဲ့တဲ့ To All The Boys I’ve Loved Before အချစ်ဇာတ်ကားလေးထဲက ခေါင်းဆောင်းမင်းသားချောလေး Noah Centineo က Avengers ရုပ်ရှင်ဇာတ်ကားထဲမှာ လူစိမ်းကောင်ကြီး Hulk နေရာကနေ ပါဝင်သရုပ်ဆောင်ချင်ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

 

အချစ်ဟာသဇာတ်ကားလေးနဲ့ အထူးသဖြင့် အမျိုးသမီးပရိသတ်ထုကြီးရဲ့ ဝန်းရံအားပေးမှုကို တဟုန်ထိုး ရရှိလာခဲ့သူ Noah Centineo က Avengers လို အက်ရှင်ဇာတ်ကြမ်းကားတွေမှာ ပါဝင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာက သူ့ပရိသတ်တွေကို တော်တော် Shock ဖြစ်သွားစေနိုင်ပါတယ်။ ပိုပြီးအံ့အားသင့်စေရတာကတော့ သူသရုပ်ဆောင်ချင်နေတဲ့ ဇာတ်ရုပ်ပါပဲ။ Noah က လူသန်ကြီး Hulk ရဲ့နေရာမှာ ပါဝင်သရုပ်ဆောင်ချင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ဆိုရင်တော့ Hulk ရဲ့ လူငယ်ပုံစံဇာတ်ရုပ်နဲ့ဆို အံ့ဝင်နိုင်ပါတယ်။

 

Noah Centineo က “ကျွန်တော် Hulk ရဲ့ လူငယ်ပုံစံနေရာမှာ ပါဝင်သရုပ်ဆောင်သွားဖို့ အရမ်းကိုဆန္ဒရှိနေပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ခင်ဗျားတို့နားလည်အောင် မရှင်းပြတတ်ဘူး။ သေချာတာကတော့ Hulk က ကျွန်တော့်အကြိုက်ဆုံး Marvel ရဲ့ Superhero တစ်ယောက်ပါ။ သူ့နေရာမှာ Mark Ruffalo သရုပ်ဆောင်ထားတာကိုတော့ ကျွန်တော်သိပ်သဘောမကျပါဘူး” လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။

 

လူငယ်မင်းသားချောလေး Noah Centineo က To All The Boys I’ve Loved Before ဇာတ်ကားနဲ့ အရမ်းကို နာမည်မကြီးခဲ့စဉ်တုန်းက အမေရိကန်-ကျူးဘားအဆိုတော်မလေး Camila Cabello ရဲ့ Havana သီချင်းထဲမှာလည်း ဝင်ရောက်သရုပ်ဆောင်ဖူးခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာလည်း Noah Centineo ဟာ သူရဲ့သရုပ်ဆောင်ဘဝကို တောက်ပလင်းလက်စေခဲ့တဲ့ To All The Boys I’ve Loved Before ဇာတ်ကားရဲ့ ဒုတိယတွဲကို ဆက်လက်ရိုက်ကူးသွားဖို့ စတင်ပြင်ဆင်နေပြီဖြစ်သလို Noah ကလည်း ဒီဇာတ်ကား ဒုတိယတွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ပြောဆိုထားပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *