အိမ်မက်ထဲမှာ အမြဲဆုံတွေ့ကြတဲ့သူနှစ်ယောက်ရဲ့ ဆန်းကြယ်တဲ့ကံကြမ္မာ On Body And Soul

အိမ်မက်တွေရဲ့အကြောင်းတွေကို စိတ်ဝင်စားသူများ ရှိပါသလားခင်ဗျာ။ ဒါဆို မေးခွန်းလေးတစ်ခုလောက် မေးကြည့်ပါရစေ။ သင်သာ တကယ်လို့ပေါ့နော် သင့်ရဲ့ အိမ်မက်ထဲမှာ လူတစ်ယောက်တည်းကိုပဲ အကြိမ်ကြိမ်မက်နေမယ်ဆိုရင် သင်ရဲ့ သိစိတ်မှာရော သင်ရဲ့မသိစိတ်မှာပါ သင်သူ့ကို စွဲလန်းသွားမှာပဲလေ။ အဲ့လိုဖြစ်လာခဲ့ချိန်မှာ ထိုသူကလည်း ပြင်ပလူ့လောကမှာပဲ ရှိနေမယ်ဆိုရင် သင်သူ့ကို တွေ့ချင်မလား။ ဒီမေးခွန်းလေးကို အခုလောလောဆယ် မဖြေသေးပဲ ဒီမေးခွန်းလေးနဲ့ ဆက်စပ်လို့နေတဲ့ On Body And Soul ဇာတ်ကားလေးကို ကြည့်ပြီးမှ ဖြေဆိုကြည့်လိုက်ပါနော်။

 

On Body And Soul ဆိုတာ ဟန်ဂေရီနိုင်ငံက ထုတ်လုပ်ထားတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကားပါ။ မတ်လ ၂ရက်နေ့က ဟန်ဂေရီနိုင်ငံမှာ ပြသထားခဲ့တာဖြစ်ပြီး အမေရိကမှာတော့ ဒီနှစ် ဖေဖော်ဝါရီလမှသာ ပြသထားခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အရမ်းကို ကြည့်လို့ကောင်းလွန်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ရုပ်ရှင်ဆုတံဆိပ်များစွာကိုလည်း သိမ်းကျုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ ဇာတ်ကားမျိုးပါ။

 

၆၇ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ထားခဲ့တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်မားဆုံး ဆုတစ်ခုဖြစ်တဲ့ ရွှေဝက်ဝံဆုကို ဆွတ်ခူးထားခဲ့တဲ့ ဇာတ်ကားဖြစ်သလို အဓိကဇာတ်ရုပ်ဖြစ်တဲ့ Maria နေရာမှာ ပါဝင်ခဲ့သူ ဟန်ဂေရီမင်းသမီးချော Alexandra Borbély ကလည်း ဒီဇာတ်ကားနဲ့ ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးမင်းသမီးဆုကို ရရှိထားခဲ့ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားက ဘယ်လိုဇာတ်လမ်းမှန်း မသိသေးရင်တောင်မှ ကြည့်ကို ကြည့်သင့်နေပါပြီ။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းလေးကိုတော့ အနည်းငယ်လောက် ပြောပြပေးသွားချင်ပါတယ်။

 

သားသတ်ရုံတစ်ခုမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသားကြီးတစ်ဦးနဲ့ အမျိုးသမီးငယ်လေးတစ်ဦးတို့က တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ သိကျွမ်းခြင်းမရှိပဲ နှစ်ယောက်လုံးက သူတို့ရဲ့အိမ်မက်တွေထဲမှာ အချင်းချင်း ဆက်သွယ်မိခဲ့ကြပါတယ်။ ဒီလို အိမ်မက်ထဲမှာ အမြဲဆုံနေကြလူက အပြင်လောကမှာလည်း ကိုယ်ရဲ့အနီးအနားမှာ ရှိနေတာကို သိလိုက်ရတဲ့အခါ သူတို့ရဲ့ ပတ်သက်မှုက ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုသွားရမယ့် ဒရာမာသီးသန့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ။

 

Reviews

,

No Comments

Leave a Reply

Your email address will not be published. Required fields are marked *