‘Pacific Rim Uprising’ ရဲ့ ဒုတိယမြောက် Trailer ထွက်ပြီ

အသက်ကြီးပြီး ကလေးစိတ်နဲ့လို့ပြောချင်ပြောပါ.. စက်ရုပ်အကြီးကြီးတွေပါမယ်ဆိုရင် လူကအော်တိုစိတ်ဝင်စားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် Pacific Rim ကလည်းခြွင်းချက်မဟုတ်ပါဘူး.. ပထမကားက ဘယ်လောက်ပဲလိုအပ်ချက်တွေရှိခဲ့တယ်ဆိုပေမယ့် Jaeger စက်ရုပ်ကြီးတွေနဲ့ Kaiju တွေ သူတစ်ပြန်ကိုယ်တစ်ပြန်တီးကြတဲ့အခန်းတွေက အမှန်အကန်လန်းတာမို့ ကိုယ်တွေရဲ့ inner-9-years-old က မြိန့်မြိန့်ကြီးပြုံးနေခဲ့မိတာကတော့အမှန်ပါပဲ။ ဒုတိယကားဖြစ်တဲ့ Pacific Rim Uprising ထွက်ရှိမယ့်ရက်ကိုလည်း calendar ကြည့်ပြီးစောင့်နေတယ်ဆိုရင်မမှားပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက First Trailer ထုတ်ပေးခဲ့ပြီးကတည်းက စာမလာသတင်းမကြား ပျောက်ချက်သားကောင်းနေခဲ့တာ ဒီနေ့မှာတော့ သူ့ရဲ့ဒုတိယမြောက် trailer ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

 

ဒီ trailer မှာဆိုရင် အရင် trailer မှာဖျတ်ခနဲပဲမြင်ခဲ့ရတဲ့ မျိုးဆက်သစ် Jaeger Pilot တွေကို ပိုပြီးသေသေချာချာဖော်ပြထားတာကိုတွေ့ရမှာပါ။ ပြီးတော့ ပထမ trailer မှာ Jaeger စက်ရုပ်ကြီးနှစ်ရုပ် အပြန်အလှန်တီးနေတာကိုကြည့်ရှုခဲ့ကြရပါတယ်.. ဒါပေမယ့် ဘာကြောင့်ချနေတာမှန်းမသိခဲ့ရပါဘူး။ ဒီ trailer ကြည့်ပြီးသွားရင်တော့ အဲဒီအကြောင်းရင်းကို အနည်းနဲ့အများခန့်မှန်းလို့ရသွားမှာဖြစ်ပါတယ်။ ပြီးတော့ Jaeger စက်ရုပ်တွေနဲ့ Kaiju တစ်အုပ် မြို့လယ်ကောင်မှာတီးနေကြတာကိုလည်း တော်တော်အသားပေးဖော်ပြထားပါတယ်။ လုံးဝအသစ်အနေနဲ့ပါဝင်လာတာကတော့ Kaiju တွေဘာကြောင့်ပြန်ရောက်လာလည်းဆိုတာကို အရိတ်အမြွတ်ပြောပြသွားခြင်းဖြစ်ပါတယ်.. ဒီတစ်ကြိမ်မှာတော့ လူသားတွေဖက်ကတစ်စုံတစ်ယောက်က Kaiju တွေကို တမင်သက်သက်ဖိတ်ခေါ်လိုက်တဲ့အတွက် အဲဒီဧရာမအကောင်ကြီးတွေက ကမ္ဘာမြေကြီးဆီကို နောက်တစ်ကြိမ်အလည်အပတ်ပြန်လာကြတာဖြစ်ပါတယ်။ အဲဒီလိုဂျင်းထည့်တဲ့သူတွေရှိလို့လည်း sequel ထွက်လာတာဆိုတော့ ကျွန်တော်ကတော့အိုကေချက်ပါပဲ။

 

Pacific Rim Uprising ကိုကြည့်ရဖို့က ၂ လခန့်ပဲလိုတော့တာမို့ အများကြီးစောင့်စရာမလိုတော့ပါဘူး.. ဒီဇာတ်ကားကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *