ကျောက်ခေတ်လူသားလေးတွေအကြောင်းရိုက်ကူးထားတဲ့ ‘Early Man’

early man

ဒီကားလေးကတော့ ဒီနှစ်အစပိုင်းလောက်ကမှ လောလောလတ်လတ်ရုံတင်ထားတဲ့ Stop-motion animation ရုပ်ရှင်လေးတစ်ကားဖြစ်ပါတယ်။

 

ဇာတ်လမ်းသွားလေးကတော့ ဒိုင်နိုဆောတွေမျိုးတုန်းသွားပြီးတဲ့နောက်မှာ ကမ္ဘာ့နေရာတော်တော်များများက နေထိုင်လို့မရတော့တဲ့ ဖုန်းဆိုးမြေတွေဖြစ်သွားကြပါတယ်။ Dug ဆိုတဲ့ကျောက်ခေတ်လူသားလေး၊ သူ့ဝက်ကလေး Hognob နဲ့ သူ့မျိုးနွယ်စုလေးကတော့ ဖုန်းဆိုးမြေဘေးက သာယာတဲ့ တောင်ကြားလေးထဲမှာ ယုန်ဖမ်းရင်း အသက်မွေးကြပါတယ်။ Dug ကတော့ ယုန်ဖမ်းရတဲ့ဘဝကိုမကျေနပ်နိုင်ပဲ တစ်နေ့နေ့ကျရင် ဆင်ရိုင်းဖမ်းကြဖို့ သူ့ရွာသားတွေကို အမြဲဆော်သြပါတယ်။

 

တစ်နေ့ကျတော့ သူတို့ရွာကို Lord Nooth ခေါင်းဆောင်တဲ့ ကြေးခေတ်လူသားတွေက လာသိမ်းသွားတာကြောင့် သူတို့မျိုးနွယ်စုလေးက ဖုန်းဆိုးမြေကိုပြေးရပါတော့တယ်။ Dug တစ်ယောက်တည်း ကြေးခေတ်လူသားတွေနဲ့အတူပါသွားရင်း သူတို့နေတဲ့မြို့ကြီးကိုရောက်သွားပါတယ်။ ဖျင်တဲလေးတွေ ကျောက်လက်နက်လေးတွေပဲမြင်ဖူးတဲ့ Dug ခမျာ ကြေးမြို့ကြီးထဲမှာ ယောင်တောင်တောင်ဖြစ်နေတုန်း Goona ဆိုတဲ့ ကောင်မလေးနဲ့ဆုံမိပါတော့တယ်။ အဲဒီအချိန်မှာပဲ မြို့ရဲ့ အားကစားကွင်းကြီးကနေ ဘောလုံးပွဲစတော့မယ့်အကြောင်း မောင်းခတ်ကြေညာတဲ့အခါ တစ်မြို့လုံးကလူတွေက အားကစားကွင်းကြီးဆီသွားကြရော။ Dug လည်းပါသွားတာပေါ့။

 

HOGNOB and DUG (Eddie Redmayne) in EARLY MAN.

 

ပိုက်ဆံပေးရတဲ့ပွဲကို ခိုးဝင်မိတဲ့ Dug ကို အစောင့်တွေကလိုက်ဖမ်းပါတော့တယ်။ ပြေးရင်းလွှားရင်း ပုန်းရင်းကွယ်ရင်းနဲ့ ဘောလုံးအသင်းထဲပါသွားပါလေရော။ အဲဒီအသင်းက အရမ်းကောင်းတယ်လို့နာမည်ကြီးတဲ့အသင်းကြီးပေါ့။ ဘောလုံးတစ်ခါမှမကစားဖူးတဲ့ Dug ကတော့ ကွင်းထဲကလူကြားထဲမှာ ပေါက်ကရတွေလျှောက်လုပ်မိပြီး အဆဲခံရပါလေရော။ ခဏနေမှ Dug နေရာမှာကစားမယ့် ဘောလုံးသမားအစစ်ရောက်လာတဲ့အခါမှာတော့ Dug တစ်ယောက်မောင်းထုတ်ခံရပါတော့တယ်။ Dug ကလည်း လုံးဝမလျှော့ပဲ Lord Nooth နဲ့အလောင်းအစားလုပ်ပြီး လပြည့်နေ့မှာ ဘောလုံးပွဲတစ်ပွဲလုပ်ဖို့ သဘောတူညီချက်ယူခဲ့ပါတယ်။ သဘောတူညီချက်အရ ကျောက်ခေတ်လူတွေနိုင်ရင် တောင်ကြားလေးကိုပြန်ရမှာဖြစ်ပြီး ကြေးခေတ်လူတွေနိုင်ရင်တော့ ကျောက်ခေတ်လူတွေကို မိုင်းတွင်းတွေမှာ အလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီလိုနဲ့ Dug တစ်ယောက် ဘောလုံးလေးတစ်လုံးပိုက်ပြီး ဖုန်းဆိုးမြေကိုပြန်လာခဲ့ပါတယ်။

 

နောက်နေ့ကစလို့ Dug တစ်ယောက် သူ့ရွာသားတွေကို ဘောလုံးသင်ပေးပါတော့တယ်။ ဘောလုံးကစားဖို့မပြောနဲ့ ဘောလုံးမြင်တာတောင် စားမယ့်သူနဲ့ ထုသတ်မယ်ဆိုတဲ့သူတွေပဲရှိနေတဲ့ ကျောက်ခေတ်အသင်းနဲ့ ဘောလုံးနည်းစနစ်တွေတစ်ခုမှမသိပဲ ရွာလေးကိုပြန်လိုချင်တဲ့ စိတ်တစ်ခုနဲ့ သဘောတူညီချက်ယူလာခဲ့တဲ့ အသင်းခေါင်းဆောင် Dug တို့ရဲ့ ဇွဲမလျှော့တမ်းကြိုးစားကြပုံတွေ၊ Lord Nooth ရဲ့လောဘကြီးပုံ၊ ဝက်ကလေး Hognob ရဲ့အလွဲလေးတွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီး မြို့မှာတွေ့ခဲ့တဲ့ Goona ရဲ့လှို့ဝှက်ချက်အကြောင်း၊ Dug တွေ့ကြုံရတဲ့ ပြဿနာအခက်အခဲတွေအကြောင်း စတဲ့ drama ဆန်ဆန်အခန်းလေးတွေလည်းထည့်ထားတာမို့ ရသနှစ်မျိုးကိုခံစားရမှာပါ။

 

From L to R: Eddie Redmayne, Maisie Williams and Director Nick Park on the set of EARLY MAN.

 

ဒီကားလေးမှာတော့ Dug အနေနဲ့ နာမည်ကျော် Fantastic Beasts မင်းသား Eddie Redmayne ၊ Lord Nooth နေရာမှာ နှုတ်ခမ်းနီမလေးတို့အသည်းစွဲ Tom Hiddleston (Loki)၊ Goona နေရာမှာတော့ Maisie Williams (Arya Stark: Games of Throne) တို့အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေလည်းပါတာမို့ fan တွေအတွက်တော့ ကြည့်သင့်တဲ့ကားလေးပါ။ IMDb ကလည်း 6.1 ရထားတာမို့ rating ညံ့တဲ့ကားတော့မဟုတ်ဘူးနော်။ 2D, 3D ကာတွန်းကားတွေနဲ့ပဲရင်းနှီးနေတဲ့သူတွေအဖို့တော့ ဒီ stop-motion ကာတွန်းလေးက အမြင်သစ်တစ်မျိုးဖြစ်တာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ဇာတ်ကားလေး ဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ရပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *