ဒါရိုက်တာ Ryan Coogler က ‘Black Panther’ ရုပ်ရှင်ထဲက အက်ရှင်ခန်းတစ်ခုကို အသေးစိတ်ရှင်းပြ

ယခုလက်ရှိ Box Office မှာ အောင်ပွဲခံနေတဲ့အပြင် Rotten Tomatoes Rating အမြင့်ဆုံး Superhero ဇာတ်ကားအဖြစ် စံချိန်တင်သွားတဲ့ Black Panther ဇာတ်ကားရဲ့ဒါရိုက်တာ Ryan Coogler က ဒီရုပ်ရှင်ထဲက အလန်းဆုံးအက်ရှင်ခန်းတစ်ခုလို့ပြောလို့ရတဲ့ ကာစီနိုထဲမှာချတဲ့အခန်းကို အသေးစိတ် ရှင်းလင်းပြောပြသွားခဲ့ပါတယ်။ ရုပ်ရှင်ကြည့်တုန်းက မျက်စိတစ်မှိတ်အတွင်းမှာပြီးသွားခဲ့တဲ့ အခန်းလေးတွေကို ဘယ်လောက်တောင် ဂရုတစိုက်ဖန်တီးယူထားတယ်ဆိုတာတွေသိရတော့ တော်တော်လေးကို အားရမိပါတယ်။ ပြီးတော့ ရုပ်ရှင်သာကြည့်လိုက်ပြီး သတိမထားမိခဲ့တဲ့အချက်လေးတွေကိုပါ ရှင်းလင်းပြောပြသွားတာဆိုတော့ တကယ်ကိုအနှစ်ပါပဲ။ Black Panther ကို ကြည့်ပြီးသွားပြီဆိုရင်တော့ ဒီ breakdown လေးက ကြည့်ကိုကြည့်သင့်ပါတယ်။

 

ဒီအက်ရှင်ခန်းဟာ T’Challa (Chadwick Boseman), Nakia (Lupita Nyong’o) နဲ့ Okoye (Danai Gurira) တို့သုံးယောက် တောင်ကိုရီးယားနိုင်ငံက ကာစီနိုကိုသွားရောက်ရာကနေ တိုက်ပွဲဖြစ်သွားတာကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ မိနစ်ပိုင်းလောက်လေးပဲကြာတဲ့ ဒီအခန်းလေးကို ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာကိုရှင်းပြတာမှာ ပထမဦးဆုံး အဓိကဇာတ်ကောင်သုံးယောက်ရဲ့ ဝတ်စုံနဲ့စတင်ထားပါတယ်။

 

Nakia ဟာ ဒီအခန်းမှာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။ Okoye ကတော့ အနီရောင်ဂါဝန်ရှည်နဲ့ဖြစ်ပြီး T’Challa ကတော့ အနက်ရောင် suit နဲ့ပါ။ ကိုယ်တွေရုပ်ရှင်ကြည့်နေစဉ်ကတော့ ဒီဝတ်စုံတွေကို အဲဒီလောက်တောင် ဂရုမစိုက်မိပါဘူး။ ဒါပေမယ့် Ryan Coogler ပြောကြားချက်အရဆိုရင် အဲဒီဇာတ်ကောင်တွေဝတ်ဆင်ထားတဲ့ အစိမ်း-အနက်-အနီရောင်ဝတ်စုံတွေဟာ Pan-Africa အလံကိုကိုယ်စားပြုတဲ့အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီအချက်က Coogler ရဲ့ အသေးစိတ်ကျတတ်ပုံကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

 

Photo: Matt Kennedy..©Marvel Studios 2018

 

ဒုတိယအချက်နေနဲ့ ပြောပြသွားခဲ့တာက Okoye နဲ့ Nakia တို့ရဲ့ fighting style တွေပါ။ ဒီအချက်ဟာလည်းပဲ ရုပ်ရှင်ကြည့်ပရိသတ်တွေ သတိမထားမိပဲ ကျော်သွားကြမယ့်အချက်တစ်ခုပါ။ Coogler က ဒီနေရာမှာ ရိုးရာဆန်သူ (Tradition) နဲ့ ခေတ်ဆန်သူ (Innovation) ဆိုပြီး ခွဲကြားရှင်းပြထားပါတယ်။

 

Okoye ဟာ ဘုရင်ရဲ့သစ္စာတော်ခံ Dora Milaje အဖွဲ့ဝင်တစ်ယောက်ပါ။ သူမဟာ Wakanda ရိုးရာကို အင်မတန်လေးစားတဲ့ စစ်သူရဲတစ်ဦးလည်းဖြစ်ပါတယ်။ အဲဒီတော့ သူမဟာ ရန်သူကိုရင်ဆိုင်တဲ့အခါ လက်စွဲတော် အာဖရိကရိုးရာလှံကိုပဲ အသုံးပြုပါတယ်။ သူမရဲ့တိုက်ခိုက်ပုံတိုက်ခိုက်နည်းတွေကလည်း ရိုးရာစစ်သည်တော်တွေအသုံးပြုတဲ့ တိုက်ခိုက်နည်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ Black Panther ရုပ်ရှင်တစ်ကားလုံးမှာ Okoye ကို သေနတ်အသုံးပြုတာမျိုး မြင်တွေ့ရမှာမဟုတ်ပါဘူး။

 

Ph: Matt Kennedy..©Marvel Studios 2018

 

တစ်ဖက်မှာတော့ Nakia ဟာ Okoye နဲ့ပြောင်းပြန် ခေတ်ဆန်သူတစ်ယောက်ဖြစ်ပါတယ်။ Nakia ဟာ မှီရာပစ္စည်းကို လက်နက်အဖြစ်အသုံးပြုဖို့ လေ့ကျင့်ထားတဲ့ သူလျှိုတစ်ဦးဖြစ်တဲ့အတွက် တွေ့ကရာပစ္စည်းနဲ့တိုက်ခိုက်ဖို့ဝန်မလေးသလို အဆင်ပြေသလိုတိုက်ခိုက်တတ်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ သေနတ်အသုံးပြုဖို့ လက်မနှေးသလို ဒေါက်ဖိနပ်နဲ့ခေါင်းခေါင်းခေါက်ဖို့လည်း ဝန်မလေးပါဘူး။ ဒီအချက်တွေကိုကြည့်ပြီး Coogler တစ်ယောက် ရုပ်ရှင်ထဲကဇာတ်ကောင်တွေကိုဖန်တီးရာမှာ ဘယ်လောက်အထိအနုစိတ်သလည်းဆိုတာကို မြင်တွေ့နိုင်ပါတယ်။

 

Ph: Film Frame..©Marvel Studios 2018

 

ပြီးတော့ ဒီအက်ရှင်ခန်းကြီးတစ်ခုလုံးမှာ Green Screen နဲ့ လူကိုယ်စားတွေလုံးဝမပါဝင်ပဲ သရုပ်ဆောင်တွေကိုယ်တိုင် အကွက်ကျကျ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲဒီလို အပေါ်ထပ်နဲ့အောက်ထပ်မှာ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ ရှုပ်ရှက်ခတ်နေတဲ့ အက်ရှင်ခန်းကြီးကို ဘယ်လိုဖန်တီးခဲ့တာလည်း…

 

Ph: Matt Kennedy..©Marvel Studios 2018

 

အဲဒါနဲ့ပတ်သက်ပြီးတော့ Coogler က သူ့အနေနဲ့ ဒီရိုက်ကွင်းရဲ့ ပုံစံတူမော်ဒယ်တစ်ခုကိုဖန်တီး၊ လူတွေနေရာမှာ အရုပ်တွေထည့်ပြီး ကြိုတင်နေရာချကြည့်ကာ တကယ်တမ်းရိုက်ကူးတဲ့အခါ take နည်းနိုင်သမျှနည်းအောင် ဇာတ်ညွှန်းကို လိုအပ်သလို ပြင်ဆင်ခဲ့ရပါတယ်လို့ဆိုထားပါတယ်။ ရလဒ်ကတော့ ကျွန်တော်တို့တွေ ပိတ်ကားထက်မှာမြင်တွေ့ရတဲ့ အင်မတန်အားရဖွယ်ကောင်းတဲ့ အက်ရှင်ခန်းကြီးပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အောက်မှာပြထားတဲ့ ဗီဒီယိုကိုကြည့်လိုက်ပါ.. Coogler ရဲ့ အနုစိတ်ဖန်တီးချက်တွေအပြင် Blockbuster ရုပ်ရှင်တစ်ခုကို ဘယ်လိုဖန်တီးတယ်ဆိုတာရဲ့ အရိတ်အမြွက်ကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *