ရုံတင်ရက် နီးကပ်လာတဲ့ Solo: A Star Wars Story

နောက်ဆုံး Star Wars ရုပ်ရှင်ရုံတင်ခဲ့ပြီးတာ ခြောက်လခန့်အကြာမှာပဲ နောက်ထပ် Star Wars ရုပ်ရှင်တစ်ကားကို ထပ်မံရုံတင်တော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Star Wars ဇာတ်လမ်းတွဲတွေထဲက Han Solo ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်ကို အဓိကထားရိုက်ကူးထားတာပါ။

Star Wars ဇာတ်လမ်းတွဲတွေဟာ ၁၉၇၀ ကျော်ကတည်းက စတင်ရိုက်ကူးခဲ့တာမို့ အတော်စောတဲ့ သိပ္ပံရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီး အခုအချိန်အထိလည်း ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲအနေနဲ့ အမျိုးမျိုးရိုက်ကူးနေဆဲပါ။ အခုရုံတင်မယ်ဆိုတဲ့ Solo: A Star Wars Story ရုပ်ရှင်ကတော့  ၂၀၁၆ မှာထွက်ရှိခဲ့တဲ့ Rogue one ဆိုတဲ့ ရုပ်ရှင်ရဲ့အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအရ အဓိကဇာတ်ကောင် Han Solo ဟာ အန္တာရာယ်များတဲ့ မြေအောက်ဒုစရိုက်လောကမှာ အန္တာရာယ်တွေကိုကျော်ဖြတ်ရင်း Chewbacca နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လောင်းကစားသမား Lando Calrissian ဆိုသူနဲ့ ရင်ဆိုင်တွေ့ကြပုံကို ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်ကို မေလ ၁၀ ရက်နေ့ကနေစလို့ ကမ္ဘာအနှံ့မှာရုံတင်ပြသမှာဖြစ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံရုံတင်ရက်တွေကတော့ မတူပါဘူး။ လောလောဆယ်ကြေငြာချက်အရ ဂျပန်နိုင်ငံကတော့ ရုံတင်ရက်နောက်ဆုံးဖြစ်ပြီး မေလ ၂၉ ရက်နေ့မှာရုံတင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရုံတင်မယ်လို့ ရုပ်ရှင်ရုံတွေက ကြေငြာထားပေမယ့် ဘယ်နေ့လည်းဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ ခန့်မှန်းရမယ်ဆိုရင်တော့ မေလ ကုန်ခါနီးလောက်မှာ ရုံတင်ဖို့များပါတယ်။ နာမည်ကြီး Star War သိပ္ပံအာကာသ ရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ ဒီ Solo: A Star War Story ဟာ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်မယ့်ရုပ်ရှင်ဖြစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *