‘Solo: A Star Wars Story’ ရဲ့ ပထမဦးဆုံး Trailer

ကျွန်တော်တို့ မနေ့တုန်းက Super Bowl မှာပြသသွားတဲ့ Han Solo ရုပ်ရှင်ရဲ့ teaser ကိုကြည့်ခဲ့ရပြီးပါပြီ။ Teaser ဆိုတဲ့အတိုင်း ဘာမှရေရေရာရာ မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ကတိပေးထားတဲ့အတိုင်း Disney က ဒီရုပ်ရှင်ရဲ့ ပထမဦးဆုံး trailer ကို ချပြလိုက်ပြီပဲဖြစ်ပါတယ်။

 

ဒီ trailer ထဲမှာ Alden Ehrenreich ရဲ့ Han Solo ကို ပီပီပြင်ပြင် မြင်တွေ့ရမှာပါ။ Trailer စစချင်းမှာ Han Solo က သူဟာ အသက် ၁၀ နှစ်အရွယ်ကတည်းက လမ်းပေါ်မှာ လိမ်ညာစားသောက်လာတယ်ဆိုတာကို မြို့ထဲလမ်းကြိုလမ်းကြားမှာ high-speed chase လုပ်နေရင်း ရှင်းပြနေတာကို ကြည့်ရမှာပါ။ ပြီးတော့ သူဟာ Flight Academy ကနေ ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေရှိတဲ့အတွက် ကန်ထုတ်ခြင်းခံလိုက်ရတယ်ဆိုတာကိုလည်း မကျေမနပ်နဲ့ ရေရွတ်နေပါသေးတယ်။ အဲဒီနောက်မှာတော့ teaser ထဲမှာမြင်ခဲ့ရတဲ့ “Galaxy တစ်ခုလုံးရဲ့ အကောင်းဆုံး Pilot တစ်ယောက်ဖြစ်အောင်ကြိုးစားမယ်” ဆိုတဲ့ သူ့ရည်မှန်းချက်ကို ထပ်မံပြောဆိုသွားပါတယ်။

 

ပြီးတော့ ဒီ trailer ထဲမှာ Emilia Clarke (Game of Thrones) ရဲ့ Qi’ra ကို အလန်းစားဝတ်စုံနဲ့ Millennium Falcon ထဲကနေဆင်းလာတာကို မြင်ရဦးမှာပါ။ Trailer ထဲမှာပါဝင်တဲ့ စကားပြောခန်းတွေအရဆိုရင် Qi’ra ဟာ Han Solo ကို ငယ်စဉ်ဘဝကတည်းက သိကျွမ်းသူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ Han Solo ကဘယ်လိုလူမျိုးဆိုတာကိုသိတဲ့ တစ်ဦးတည်းသောသူဖြစ်တယ်လို့ ပြောကြားသွားလို့ပါ။

 

အဲဒီနောက်မှာတော့ Millennium Falcon အဖွဲ့သားတွေကို တစ်ယောက်ချင်းပြသသွားပါတယ်။ ပထမဦးဆုံးအနေနဲ့ Han Solo ရဲ့ဆရာ Beckett (Woody Harrelson) ရဲ့ crew တွေလိုက်လံစုဆောင်းနေပုံကို မြင်တွေ့ရမှာပါ။ ပြီးတော့ The Empires Strikes Back နဲ့ Return of the Jedi မှာပါဝင်ခဲ့တဲ့ Han ရဲ့ သူငယ်ချင်း Lando Calrissian (Donald Glover) ကိုလည်း နုနုပျိုပျိုနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မင်းသမီး Thandie Newton ရဲ့ Val လို့အမည်ရတဲ့ဇာတ်ကောင်ကို blaster ကြီးကိုင်ထားတာ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားထဲက Millennium Falcon ရဲ့ co-pilot အဖြစ် L3-37 လို့အမည်ရတဲ့ စက်ရုပ်ကတာဝန်ယူမှာဖြစ်ပြီး Phoebe Waller-Bridge က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Fan တွေကတော့ L3-37 ဟာ Rogue One ထဲက K-2SO လိုမျိုး comic relief တွေပေးမယ်လို့ ယူဆနေကြပါတယ်။

 

Trailer ရဲ့အဆုံးမှာမြင်တွေ့ရတဲ့ Han တို့စီးနင်းလာတဲ့ Millennium Falcon ကို Star Destroyer နဲ့ TIE Fighter တွေကလိုက်နေချိန်မှာ မြူတွေကြားထဲကနေ tentacle တွေနဲ့ ဧရာမအကောင်ကြီးက တိုက်ခိုက်လာတဲ့အခန်းကတော့ ရုပ်ရှင်ရုံမှာကြည့်လိုက်ရရင် ရှယ်ပဲနေမှာပါ။ ဒါ့အပြင် Clarke တစ်ယောက် နဂါးတွေဓားတွေနဲ့စစ်တိုက်နေရာကနေ လေဆာသေနတ်နဲ့ အာကာသယာဉ်တွေစီးပြီး ဘယ်လိုတိုက်ခိုက်မယ်ဆိုတာကိုလည်း စိတ်ဝင်စားမိတာ အမှန်ပါပဲ။

 

ဒါရိုက်တာအပြောင်းအလဲပြဿနာတွေ ရှိခဲ့ပေမယ့် trailer မှာမြင်ရသလောက်ဆိုရင်တော့ ဒီ Han Solo ရုပ်ရှင်က fan တွေကိုစိတ်ကျေနပ်မှုပေးနိုင်မယ့်ပုံပါပဲ။ ကျွန်တော်ရဲ့မသိစိတ်ထဲကနေတော့ Rogue One တုန်းကလိုမျိုး Pleasant Surprise လေးကိုမျှော်လင့်နေမိပါတယ်။ မျှော်လင့်ထားသလို ဖြစ်လာမလားဆိုတာကိုတော့ မေလ ၂၅ ရက်နေ့ကျရင် ပိတ်ကားပေါ်မှာ အဖြေရှာလို့ရတော့မှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *