သူနာပြုဆရာမတွေကို မဖွယ်မရာပြုလုပ်တယ်လို့ စွပ်စွဲခံလိုက်ရတဲ့ Stan Lee

Iron Man နဲ့ Spider Man တို့အပါအဝင် Marvel ဇာတ်ကောင်တွေအများကြီးကိုဖန်တီးခဲ့တဲ့ Stan Lee ဟာ သူ့ကိုစောင့်ရှောက်ဖို့ငှားရမ်းခဲ့တဲ့ သူနာပြုဆရာမတွေကို မဖွယ်မရာပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံလိုက်ရပါတယ်။ ဒီသတင်းကို ထုတ်ဖော်ခဲ့တဲ့ Mail Online ရဲ့အဆိုအရဆိုရင် Stan Lee ဟာ သူ့ရဲ့နေအိမ်ထဲမှာ ကိုယ်လုံးတီးလျှောက်သွားနေတာတွေ၊ သူနာပြုဆရာမတွေရှေ့မှာ စကားလုံးကြမ်းကြမ်းတွေအသုံးပြုတာတွေ၊ ကိုယ်ထိလက်ရောက်မဖွယ်မရာပြုလုပ်တာတွေ စတာတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Stan Lee ရဲ့ရှေ့နေတွေကတော့ ဒါဟာ Stan Lee ကို မတရားစွပ်စွဲတာပဲဖြစ်ကြောင်း ပြန်လည်ချေပထားပါတယ်။ ရှေ့နေတွေရဲ့အဆိုအရဆိုရင် လက်ရှိအချိန်မှာ Stan Lee အပေါ် အမှုဖွင့်ထားတာမျိုး၊ ရဲတိုင်ထားတာမျိုးမရှိတဲ့အပြင် နစ်နာကြေးသာတောင်းဆိုခံထားရတဲ့အတွက် ဒီကိစ္စဟာ Stan Lee ကို ငွေညစ်ချင်ရုံသက်သက်သာဖြစ်ကြောင်း ပြန်လည်ချေပထားပါတယ်။ စွပ်စွဲသူဟာ သူ့ကိုပိုက်ဆံမပေးရင် မီဒီယာတွေဆီသတင်းဖြန့်လိုက်မယ်လို့ခြိမ်းခြောက်ခဲ့သေးတယ်လို့လည်းဆိုပါတယ်။ Stan Lee အနေနဲ့ ဘာမှအမှားမလုပ်ထားတဲ့အတွက် တောင်းဆိုခံထားရတဲ့နစ်နာကြေးတွေ ပေးအပ်သွားမှာမဟုတ်ကြောင်းကိုလည်း ထပ်ဆောင်းပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ အခုခေတ်စားနေတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ မဖွယ်မရာပြုလုပ်မှုတွေကိုထုတ်ဖော်ပြောကြားတဲ့ ‘Weinstein Effect’ trend ကိုခုတုံးလုပ်ပြီး အသက် ၉၅ နှစ်အရွယ် Stan Lee ကို ငွေညစ်ဖို့ကြိုးစားနေတာလား.. ဒါမှမဟုတ် တကယ်ပဲဖြစ်ခဲ့တာလားဆိုတာကိုတော့ အချိန်ကပဲအဖြေပေးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *