‘Super Mario’ ရုပ်ရှင်ပြန်လာပြီ – Nintendo နဲ့ Illumination တို့လက်တွဲဖန်တီးမည်

Nintendo က Illumination Entertainment နဲ့လက်တွဲပြီး သူ့ရဲ့နာမည်ကျော်ဇာတ်ကောင် Super Mario ရဲ့ ရုပ်ရှင်တစ်ခုကိုဖန်တီးနေပြီဆိုတာကို Nintendo America ရဲ့ twitter စာမျက်နှာကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။ အဲဒီ tweet မှာ Mario အပါအဝင် Nintendo ရဲ့နာမည်ကျော် franchise တော်တော်များများကိုဖန်တီးခဲ့တဲ့ Miyamoto Shigeru နဲ့ Illumination ရဲ့ CEO ဖြစ်သူ Chris Meledandri တို့လက်တွဲပြီး Mario ရုပ်ရှင်တစ်ခုကိုဖန်တီးနေပြီဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

 

 

Nintendo ဟာ ၁၉၉၃ ခုနှစ်က Super Mario Bros ဆိုတဲ့နာမည်နဲ့ ပထမဦးဆုံးနဲ့နောက်ဆုံး Mario ရုပ်ရှင်ထုတ်လုပ်ခဲ့တာ တစ်ခါတည်းနဲ့စိတ်တွေပါနာသွားတဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ် (နာမည်ဆိုးနဲ့)။ အဲဒါကြောင့် နှစ် ၂၀ ကျော်ကြာပြီးနောက် ရင်ထဲကဒဏ်ရာတွေပြန်ကျက်တော့မှ နောက်ထပ် Mario ရုပ်ရှင်ထပ်ထုတ်ဖို့ကြံစည်တာလို့ ယူဆလို့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ Illumination လို ရာဇဝင်ကောင်းတဲ့ studio နဲ့လက်တွဲလုပ်ကိုင်မှာဆိုတော့ ပထမတစ်ကြိမ်လိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့မှာမဟုတ်ဖူးလို့ မျှော်လင့်လို့ရပါတယ်။

 

Illumination ဆိုတာကတော့ နာမည်ကြီး animation film တွေဖြစ်တဲ့ Despicable Me, Minions, The Secret Life of Pets နဲ့ Sing တို့ကိုဖန်တီးခဲ့တဲ့ကုမ္ပဏီဖြစ်ပါတယ်။ Box Office မှာ ဒေါ်လာဘီလျံနဲ့ချီပြီးဝင်ငွေရခဲ့တဲ့ရုပ်ရှင်တွေကို ထုတ်ခဲ့တဲ့ကုမ္ပဏီဖြစ်တဲ့အတွက် သူတို့ရဲ့အရည်အချင်းကို မေးခွန်းထုတ်စရာမလိုသလောက်ပါပဲ။ Nintendo အနေနဲ့လည်း အဲဒီအချက်ကြောင့်ပဲ Illumination ကိုရွေးချယ်ခဲ့တာဖြစ်နိုင်ပါတယ်။ ပြီးတော့ Miyamoto Shigeru ကိုယ်တိုင်က ဦးစီးပါဝင်မှာဆိုတော့ သူ့ရင်သွေးလေးတွေကို အရင်တုန်းကလိုအဖြစ်ဆိုးနဲ့ကြုံတွေ့စေချင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်လည်း လူတွေက ဒီ Mario ရုပ်ရှင်ဟာ Video Game တွေကိုမှီငြမ်းရိုက်ကူးတဲ့ရုပ်ရှင်တွေထဲမှာ ပထမဦးဆုံး အရမ်းကောင်းတယ်လို့သတ်မှတ်ခြင်းခံရမယ့်ရုပ်ရှင် ဖြစ်လာမလားဆိုပြီး ထင်ကြေးတွေပေးနေကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *