ပညာသားပါတဲ့ ပျက်လုံးလေးတွေနဲ့ သင့်ကိုရယ်မောစေမယ့် ‘The Death of Stalin’: Review

the death of stalin

စတာလင်.. ဆိုဗီယက်ပြည်ထောင်စုကြီးကို သံလက်သီးအုပ်ပြီး အုပ်ချုပ်ခဲ့တဲ့ စတာလင်.. ပြည်သူပြည်သားတွေ တုတ်တုတ်မလှုပ်ရဲအောင်ကြောက်ခဲ့ရတဲ့ စတာလင်.. လူပေါင်း သန်း ၂၀ ခန့်ရဲ့လူသတ်တရားခံ စတာလင်.. သူ့လိုလူမျိုးတစ်ယောက် ရုတ်တရက်ကွယ်လွန်သွားတော့ ခေါင်းဆောင်မဲ့သွားတဲ့ တိုင်းပြည်ကြီးမှာ အရာရာတိုင်းက ဗြောင်းဆန်ကုန်ပါတော့တယ်။

 

The Death of Stalin‘ ဟာ နိုင်ငံရေးသရော်ကားတွေနဲ့ နာမည်အင်မတန်ကြီးတဲ့ ဒါရိုက်တာ Armando Iannucci ရဲ့လက်ရာ Dark Comedy ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားကို ၂၀၁၇ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်အနေနဲ့ပြသခဲ့ပြီး Critic တွေက ဝိုင်းချီးကျူးလွန်းလို့ ကမ္ဘာတဝန်းက ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ မျှော်လင့်စောင့်စားခြင်းကို ခံခဲ့ရပါတယ်။ အထူးသဖြင့် Iannucci ရဲ့အခြားလက်ရာတွေဖြစ်တဲ့ ‘The Thick of It’ နဲ့ ‘Veep’ ကိုနှစ်သက်ကြသူတွေက Iannucci တစ်ယောက် ဒီဇာတ်ကားမှာ ရုရှားနိုင်ငံကို ဘယ်လိုသရော်မယ်ဆိုတာ အရမ်းသိချင်ခဲ့ကြတာဖြစ်ပါတယ်။

 

Iannucci ဟာ သူ့ရဲ့ဇာတ်ကားကိုစောင့်မျှော်နေခဲ့သူတွေကို စိတ်မပျက်စေခဲ့ပါဘူး။ ပြောင်မြောက်တဲ့ပျက်လုံးတွေကို ယဉ်ယဉ်လေးအသုံးပြုသွားပြီး ပရိသတ်တွေကို ဟာသရသကောင်းကောင်း ပေးစွမ်းနိုင်ခဲ့ပါတယ်။ ‘The Death of Stalin’ ဟာ ဒီဆောင်းပါးရေးနေချိန်မှာ Rotten Tomatoes မှာ 96% Fresh Rating နဲ့ ပျမ်းမျှရမှတ် 8.1 ရရှိထားပြီး IMDB မှာ ရမှတ် 7.2 ရရှိထားပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို နှစ်သက်မိတယ်ဆိုတာတွေကို အောက်မှာဆက်လက်တင်ဆက်ပေးသွားပါမယ်။

 

မှတ်ချက် – အချို့နေရာတွေမှာ ဥပမာပေးဖို့လိုအပ်တာကြောင့် ရုပ်ရှင်အစပိုင်းက အချက်တစ်ချို့ယူသုံးထားတာကလွဲပြီး အတတ်နိုင်ဆုံး Spoiler မပါအောင် တင်ဆက်ပေးထားပါတယ်။

 

ဇာတ်လမ်းအကျဉ်းနဲ့ သုံးသပ်ချက်

 

ဒီဇာတ်ကားမှာ စတာလင်ရုတ်တရက်ကွယ်လွန်သွားပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံအုပ်ချုပ်ရေးယန္တရားပိုင်းက အာဏာသိမ်းဖို့ကြံစည်မှုတွေ၊ နောက်ကျောဓားထိုးမှုတွေ စတဲ့အဖြစ်အပျက်တွေကို မီးမောင်းထိုးပြထားပါတယ်.. ဟာသလေးနှောပြီးဖြစ်ပါတယ်။ ဟာသတွေကိုအသုံးပြုသွားတာကလည်း ကလိထိုးပြီးရယ်ခိုင်းတာမျိုး လုံးဝမဟုတ်ပါဘူး။ သမိုင်းထဲက အချက်အလက်တွေကိုယူ၊ ပညာသားပါတဲ့ Dialogue လှလှလေးတွေနဲ့ပေါင်းပြီး ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ အင်မတန်ပြောင်မြောက်တဲ့သရုပ်ဆောင်မှုတွေနဲ့ တွဲဖက်ထားတာပါ။

 

ဥပမာပေးရမယ်ဆို ဆရာဝန်တွေအကုန်လုံးထောင်ထဲပို့ထားလို့ စတာလင်သေခါနီး ကုပေးမယ့် ဆရာဝန်ကောင်းမရှိဘူးဆိုတာလေးဟာ သူမသေခင် လပိုင်းလေးမှာပဲ တစ်နိုင်ငံလုံးက နာမည်ကြီးဆရာဝန်တွေကို ဖမ်းဆီးအကျဉ်းချခဲ့တဲ့ သမိုင်းထဲက စတာလင်ကို ပါးပါးလေးလှောင်ထားတာလေးပါ။ ဒီလိုပျက်လုံးမျိုးတွေကို ဇာတ်ကားတစ်လျှောက်လုံးမှာ အားရပါးရ ခံစားရမှာပါ။ သမိုင်းကိုမသိလည်း ရယ်ရမှာဖြစ်သလို သမိုင်းသိရင် နှစ်ဆတိုးပြီးတောင် ရယ်မောရစေမှာဖြစ်ပါတယ်။ အဲဒီတော့ ရလဒ်ကဘာလဲ… လူသန်းပေါင်းများစွာကိုသတ်ခဲ့တဲ့လူတွေအကြောင်း ရိုက်ပြထားပေးမယ့် ရုပ်ရှင်ကြည့်နေတဲ့တစ်လျှောက် ကြည့်ရှုသူကို ပါးပါးလေးပြုံးနေမိစေမယ့် ဇာတ်ကားတစ်ခု ဖြစ်လာပါတယ်။

 

ဇာတ်လမ်းကို စတာလင်က ရေဒီယိုအစီအစဉ်ကနေလွှင့်နေတဲ့ သီချင်းအစီအစဉ်ကို အသံသွင်းထားတဲ့ခွေ တောင်းတာလေးနဲ့ စထားပါတယ်။ မူလအစီအစဉ်ကို အသံမသွင်းထားမိတဲ့အတွက် ရေဒီယိုအဖွဲ့သားတွေအားလုံး ပြာယာခတ်သွားကြပါတယ်။ စတာလင်လိုချင်တာကို လိုချင်တဲ့အချိန်မှာ မပေးနိုင်ရင် သူတို့ခေါင်းက လည်ပင်းထက်မှာရှိတော့မှာမဟုတ်ဘူးဆိုတဲ့အသိက သူတို့ကို သွေးရူးသွေးတန်းနဲ့ ခြေမကိုင်လက်မမိ ဖြစ်သွားစေပါတယ်။ ဒီနေရာမှာ ပြောဆိုသွားတဲ့ Dialogue တွေ၊ သရုပ်ဆောင်မှုတွေက အဲဒီခေတ်ကလူတွေ စတာလင်ကို ဘယ်လောက်ထိတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသလည်းဆိုတာကို ထိထိမိမိဖော်ပြထားနိုင်ပါတယ်။ ပြည်သူပြည်သားတွေတင်ပဲလား.. မဟုတ်ပါဘူး။ စတာလင်ရဲ့ အစိုးရအဖွဲ့မှာပါဝင်တဲ့သူတွေအားလုံးကလည်း အာဏာလိုချင်လို့သာ သူ့အနားမှာနေရတာ.. သူညိုငြင်မှာကို အင်မတန်ကြောက်နေကြရတာပါ။ စတာလင်ရဲ့ အမျက်တော်ရှပြီး Death List ထဲရောက်သွားမှာက သူတို့အားလုံးရဲ့ အိပ်မက်ဆိုးပါ။ ဇာတ်ကားအစပိုင်းက ဒီအချက်ကို ကောင်းကောင်းပုံဖော်ထားနိုင်ခဲ့ပါတယ်။

 

the-death-of-stalin

 

တကယ့်ဇာတ်လမ်းက အဲဒီနောက်မှာစတာပါ။ စတာလင်ရုတ်တရက်သတိလစ်သွားတော့ သူ့အစိုးရအဖွဲ့ကခေါင်းဆောင်တွေက အမိမဲ့ကလေးတွေလို ခြေမကိုင်လက်မမိဖြစ်သွားကြပါတယ်။ ကိုယ်စီကိုယ်စီရဲ့စိတ်ထဲမှာ “ဘိုးတော်ကြီး သေပါတော့” ဆိုတဲ့အတွေးက ခိုအောင်းနေပေမယ့် ဘယ်သူမှထုတ်မပြောရဲကြပါဘူး.. မသေခဲ့ရင် သူတို့ကွိမှာကိုး။ တကယ်တမ်းလည်းသေဆုံးသွားရော အာဏာကိုယ့်လက်ထဲရောက်ရေး ဒို့အရေးဆိုပြီး ပါတီတွင်းမှာ နှစ်ယောက်တစ်ပါတီ၊ သုံးယောက်တစ်ပါတီတွေဖွဲ့ပြီး ကိုယ်စီကိုယ်စီ စင်တွေအပြိုင်ထောင်ကြပါတော့တယ်။ အဲဒီနောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချောက်ချကြတာတွေဟာဆိုရင်လည်း သမိုင်းအကိုးအကားယူပြီး ဇာတ်အိမ်ဆင်ထားတာဖြစ်ပေမယ့် သင်မရယ်ပဲနေနိုင်မှာမဟုတ်ပါဘူး… တကယ့် Guilty Pleasure ပါပဲ။

 

ဒီနေရာမှာ ဒါရိုက်တာရဲ့ ဇာတ်လမ်းအသွားအလာကို လမ်းကြောင်းသွားပုံလေးက အင်မတန်ကိုပညာသားပါပါတယ်။ သမိုင်းထဲကဖြစ်ရပ်မှန်တွေဖြစ်တဲ့ အစုလိုက်အပြုံလိုက်လူသတ်တာတွေ၊ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညဉ်းပမ်းတာတွေ၊ Lavrentiy Beria ရဲ့ မိန်းမငယ်လေးတွေကို ပန်းဦးခြွေတာတွေ စတာတွေကို အရိပ်အမွက်လောက်ပဲဖော်ပြပြီး တကယ့်အလုံးအထည်ကို off-screen မှာပဲချန်ထားခဲ့တဲ့အတွက် ဇာတ်လမ်းအရှိန်တက်လာတာကို အနှောက်အယှက်မဖြစ်စေပါဘူး။ ဇာတ်လမ်းအစကတည်းက ဟာသဆန်ဆန်ဇာတ်အိမ်တည်လာတာကို ခုနကပြောခဲ့တာတွေသာထည့်လိုက်ရင် အဲဒီမှာတင်ဇာတ်ရှိန်ပျက်ပြီး ပွဲသိမ်းသွားမှာပါ။ အစိုးရအဖွဲ့ဝင်တွေရဲ့ ကြောက်စိတ်ကနေ လောဘစိတ်ကို ကူးပြောင်းသွားပုံကိုလည်း အရမ်းကြီး heavy မဖြစ်စေပဲ ဟာသတွေနဲ့ထိန်းပြီးသယ်သွားခဲ့တာဟာလည်း ဒီဇာတ်ကားကို အင်မတန်ကောင်းမွန်တဲ့ ဟာသဇာတ်လမ်းတစ်ခုဖြစ်လာစေခဲ့ပါတယ်။

 

the-death-of-stalin

အကျဉ်းချုပ်ပြောရမယ်ဆိုရင်…

 

တစ်ခုရှိတာက ‘The Death of Stalin’ ဟာ လူတိုင်းအတွက်တော့မဟုတ်ပါဘူး.. Love it or Hate it ပါ။ သင့်မှာ “လူတွေသေတဲ့အကြောင်းကို ဟာသလုပ်စရာလား” ဆိုတဲ့ အမြင်မျိုးရှိတယ်ဆိုရင် ဒီရုပ်ရှင်က သင့်အတွက်မဟုတ်ပါဘူး။ ကြည့်ရတာအဆင်ပြေမှာမဟုတ်သလို ရယ်စရာလည်းကောင်းမှာမဟုတ်ပါဘူး။

 

နောက်တစ်ခုက ဒီဇာတ်ကားဟာ Story အရ ဘာမှမရှိသလောက်ပါပဲ။ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းက နိုင်ငံရေးတွေကိုစိတ်ဝင်စားသူတွေဆို ဘာပြီးဘာလာမယ်ဆိုတာ တန်းပြောနိုင်ပါတယ်။ အဲဒီတော့ အရမ်းကိုထူးခြားတဲ့ story twist တွေကို မျှော်လင့်လို့မရပါဘူး။

 

အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အိုကေတယ်ဆိုရင်တော့ မင်းသားကြီးတွေ Dialogue ပါးပါးလေးတွေသုံးပြီး အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ပြထားတဲ့ ဒီဇာတ်ကားဟာ သင့်ဆီကို ရယ်မောစရာလေးတွေ သယ်ဆောင်ပေးလာမှာပဲဖြစ်ပါတယ်။ နိုင်ငံရေးသရော်ကားချစ်သူတွေအတွက်ကတော့ လုံးဝကို Must Watch ဖြစ်ပါတယ်။

 

The Death of Stalin’ အပေါ် ကျွန်တော့်ရဲ့ Personal Rating ကတော့ 8/10 ပဲဖြစ်ပါတယ်။

 

Reviews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *