‘The Last Jedi’ ဝတ္ထုထဲမှာ ရုပ်ရှင်မှာမပါတဲ့အခန်းတွေပါဝင်မည်

Star Wars Episode 9 ထွက်မယ့် ၂၀၁၉ ခုနှစ်က အဝေးကြီးလိုပါသေးတယ်။ ဒီကြားထဲမှာ Star Wars နဲ့ပတ်သက်ပြီးတစ်ခုခု ကြည့်ရှုချင် ဖတ်ချင်သူတွေအတွက် သတင်းကောင်းလေးလာပါပြီ။ လာမယ့် မတ်လ ၆ ရက်နေ့မှာထုတ်ဝေမယ့် Star Wars: The Last Jedi ဝတ္ထုမှာ ရုပ်ရှင်ထဲကနေဖယ်ထုတ်ထားတဲ့အပိုင်းတွေ၊ အသစ်စက်စက်ထပ်ထည့်ထားတဲ့ဇာတ်လမ်းတွေ စတာတွေပါဝင်လာမှာဖြစ်ပါတယ်။

 

ဒီစာအုပ်ကို The Last Jedi ရဲ့ဖန်တီးရှင် ဒါရိုက်တာ Rian Johnson နဲ့ Star Wars ပရိသတ်တစ်ဖြစ်လဲ စာရေးဆရာ Jason Fry တို့က လက်တွဲပြီးဖန်တီးထားကြတာဖြစ်ပါတယ်။ Fry က သူတို့နှစ်ယောက် ဒီစာအုပ်ကိုဖန်တီးတာနဲ့ပတ်သက်ပြီး စကားအများကြီးပြောဖြစ်ခဲ့ကြပြီး ဇာတ်ကွက်အသစ်တွေအများကြီးဖန်တီးနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီစာအုပ်မှာ Han Solo ကိုသင်္ဂြိဟ်တဲ့အခန်း၊ Rose နဲ့ Paige Tico တို့ညီအစ်မနှစ်ယောက်အကြောင်း၊ Canto Bight မြို့အကြောင်းအသေးစိတ် စတာတွေအပါအဝင် အခြားဇာတ်ကွက်အသစ်တွေ အများကြီးပါဝင်မယ်လို့ဆိုပါတယ်။

 

ရုပ်ရှင်ထဲမှာတုန်းက Canto Bight အခန်းဟာ ဘာမှရေရေရာရာမပြသသွားပဲ ပြီးသွားခဲ့ပါတယ်။ Canto Bight ဆိုတာကို Casino တွေအများကြီးရှိတဲ့မြို့ဆိုတာလောက်ကိုပဲ သိရှိခဲ့ရပြီး ဇာတ်လမ်းတည်ဆောက်ရာမှာအထောက်အကူမဖြစ်သလောက်ဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကားလုံးရဲ့အညံ့ဆုံးအပိုင်းလို့တောင်ပြောလို့ရပါတယ်။ ဒါပေမယ့် အခုလာမယ့်စာအုပ်မှာ ဒီနေရာအကြောင်းကိုအသေးစိတ်ရှင်းပြထားမယ်ဆိုတော့ ရုပ်ရှင်ကြည့်တုန်းကဟာတာတာဖြစ်နေတာလေးကိုဖြည့်ပေးနိုင်မယ့်အတွက် စိတ်ကျေနပ်စရာပါပဲ။ Rose နဲ့ Paige ညီအစ်မနှစ်ယောက်အကြောင်းကိုတော့ personally အရသိပ်စိတ်မဝင်စားပေမယ့် Han Solo ကို သင်္ဂြုဟ်တဲ့အခန်းကိုတော့ တော်တော်လေးသိချင်မိပါတယ်.. ဘယ်နေရာမှာ မြှုပ်နှံမှာလဲ.. သင်္ဂြုဟ်တာကို ဘယ်သူတွေလာကြမှာလဲ.. Kylo Ren ကရောအဲဒီအကြောင်းသိရဲ့လား.. ခေါင်းထဲမှာပေါ်လာတဲ့မေးခွန်းတွေကတော့ အများကြီးပါပဲ။

 

ဒီစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို The Star Wars Show အစီအစဉ်ကနေတစ်ဆင့် ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပြီး Rian Johnson နဲ့ Jason Fry တို့ပြောကြားခဲ့တာတွေအသေးစိတ်ကို အောက်ကဗီဒီယိုမှာကြည့်ရှုနားဆင်နိုင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *